အမှတ် ၁၀၀၂ နယ်ခြားစောင့်တပ်ကို KIA၊PDF ပူးပေါင်းတပ်က သိမ်းပိုက်ပြီးနောက် ချန်းရင်ခူးကျေးရွာအနီး ကျောက်တောင်ဂိတ်ဘက်မှာ တိုက်ပွဲ ဆက်လက်ဖြစ်ပွားနေ

217

 

အောက်တိုဘာ၊၁၆

ကချင်အထူးဒေသ(၁)၊ အမှတ် ၁၀၀၂ နယ်ခြားစောင့်တပ်ကို KIA၊PDF ပူးပေါင်းတပ်တွေကနေ တိုက်ခိုက်သိမ်းပိုက်ပြီးနောက် ပန်ဝါမြို့နဲ့အနီးဆုံးရွာဖြစ်တဲ့ ချန်းရင်ခူးရွာအနီး ကျောက်တောင်ဂိတ်ဘက်မှာ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေတယ်လို့ သိရပါတဘ်။

တိုက်ပွဲဖြစ်နေတဲ့နေရာဟာ လုပြည်ကျေးရွာအကျော် ချန်းရင်ခူးအနီး ကျောက်တောင်ဂိတ်မှာ ဖြစ်နိုင်တယ်လို့ အဲဒီအနီးဝန်းကျင်မှာ နေထိုင်တဲ့ပြည်သူတစ်ဦးက ပြောပါတယ်။

ဒီနေ့ကတော့ ဒီမှာကျွန်တော်တို့အနီးကပ်ကို ကြားနေရပြီ။ ကျွန်တော်တို့ဘက်မှာ ပြန်စနေပြီ။ ဗုံးသံတွေကတော့ ရက်စက်တယ်။လို့ အထက်ပါပြည်သူက ဆိုပါတယ်။

KIA၊PDF ပူးပေါင်းတပ်ဖွဲ့တွေဟာ အောက်တိုဘာလ ၁ ရက်နေ့မှာ ချီဖွေမြို့၊အောက်တိုဘာလ ၂ ရက်နေ့မှာ ဆော့လော်မြို့တို့ကို ထိန်းချုပ်ထားနိုင်ခဲ့ပြီးနောက် ပန်ဝါမြို့ဘက်ကို ဆက်လက်တိုက်ပွဲဆင်နွှဲခဲ့ပြီး အောက်တိုဘာလ ၁၄ ရက်နေ့မှာ နယ်ခြားစောင့်တပ် ၁၀၀၂ ကို ရရှိခဲ့တာဖြစ်ပါတယ်။

တိုက်ပွဲဟာ တစ်ရက်ထက်တစ်ရက် ပန်ဝါမြို့ဘက်ကို ပိုမိုနီးကပ်လာနေပြီဖြစ်တဲ့အတွက် တချို့ပြည်သူတွေဟာ အလံဖြူပြပြီး မြစ်ကြီးနားမြို့ဘက်ကို ဆင်းနေကြပေမဲ့ လမ်းတစ်လျှောက် လက်နက်ကိုင်တပ်တွေရဲ့ ပိတဆို့မှုတွေလည်း ရှိနေတယ်လို့ နောက်ထပ် ပန်ဝါရောက်ပြည်သူတစ်ဦးဆီက သိရပါတယ်။

ပန်ဝါမြို့တွင်းက ဆေးရုံနဲ့ ဘုရားကျောင်းဝင်းတွေထဲမှာတော့ စစ်ရှောင်ပြည်သူအယောက် ၅၀၀ ကျော်ရှိနေပြီး နောက်ထပ်ရောက်ရှိလာသူတွေလည်းရှိနေပြီးတော့ တချို့က တရုတ်ပြည်ဘက်ကို ကူးသွားကြသူတွေလည်းရှိနေတယ်လို့ သိရပါတယ်။

ကချင်နယ်ခြားစောင့်တပ်(NDAK) ဥက္ကဌ ဦးဇခုန်တိန့်ယိန်း ဦးဆောင်အုပ်ချုပ်ခွင့်ရ ဒေသတွေဖြစ်တဲ့ ချီဖွေမြို့အရှေ့ဘက် ဂမ်ခွန်းကျေးရွာ၊ ဖီမော်ကျေးရွာအနီးမှာ တပ်ရင်း ၁၀၀၁၊ ပန်ဝါဒေသ လုပြည်ကျေးရွာအနီးမှာ ၁၀၀၂၊ ဝိုင်းမော်မြို့နယ် ကန်ပိုက်တီမြို့အနီး ဝေါ်ချုံးဒေသမှာ ၁၀၀၃ ဆိုပြီးတော့ တပ်ရင်း ၃ ရင်း ဖွဲ့စည်းနေရာချထားတာဖြစ်ပြီး ကချင်အထူးဒေသ(၁) အဖြစ် သတ်မှတ်ထားတာလည်း ဖြစ်ပါတယ်။

အခုချိန်မှာတော့ ဝိုင်းမော်မြို့ကလွဲပြီး မြို့အရှေ့ဘက် (ဝိုင်းမော်- ချီဖွေလမ်းတစ်လျှောက်)နဲ့ ချီဖွေမြို့နဲ့ ဆော့လော်မြို့ကတော့ KIO/KIA ရဲ့ ထိန်းချုပ်ဧရိယာအတွင်းမှာ ရှိနေပြီဖြစ်တယ်လို့လည်း သိရပါတယ်။

ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ကနေ အထက်ပါ မြို့ ၂ မြို့အပြင် ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ဆွမ်ပရာဘွမ်မြို့၊ မြစ်ကြီးနားမြို့နယ်အတွင်းက အင်ဂျန်းယန်မြို့၊ ဆင်ဘိုမြို့နဲ့ ဗန်းမော်ခရိုင်၊ မိုးမောက်မြို့နယ်၊ တရုတ်နယ်စပ် လွယ်ဂျယ်မြို့တို့ကိုပါ သိမ်းယူထားပါတယ်။

ဒါ့အပြင် ရှမ်းပြည်နယ်မြောက်ပိုင်းမှာလည်း မဘိမ်းနဲ့ နမ့်ဖတ်ကာမြို့တွေကို ထိန်းချုပ်ထားပါတယ်။

 

LEAVE A REPLY

Please enter your comment!
Please enter your name here