အောက်တိုဘာ၊၁၆
ကချင်ပြည်နယ်၊ ဖားကန့်မြို့ နယ်၊ လုံးခင်းကျေးရွာအုပ်စု၊ ကံဆီးဒေသဘက်ကို ဒီကနေ့ညနေ ၄ နာရီခွဲအချိန်လောက်က စစ်ကောင်စီတပ်ကနေ လေယာဉ်နှစ်စီးနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
ကံဆီးကျေးရွာမှာ စစ်ကောင်စီတပ်က လေယာဉ်နဲ့ လေးကြိမ်ထက်မနည်း ဗုံးကြဲခဲ့တယ်လို့ ဖားကန့် ဒေသခံ အမျိုးသားတစ်ဦးက ပြောပါတယ်။
“ ကံဆီးစစ်တပ်ကလည်း လက်နက်ကြီး ၈ ကြိမ်လောက် ပစ်ခတ်တယ်တဲ့ သူတို့ တစ်ခုခု သတင်းကြားလို့ ထင်တယ်”လို့ အထက်ပါ အမျိုးသားက ပြောပါတယ်။
နောက်ထပ် ဖားကန့်ဒေသခံပြည်သူတစ်ဦးရဲ့ ပြောပြချက်အရ အနန့်ပါဒေသဘက်က ဈေးတန်းဘက်ကိုလည်း လေယာဉ်နဲ့ လာရောက်ပစ်ခတ်တာ ရှိတယ်လို့ သိရပါတယ်။
“အနန့်ပါဘက်ရောကျတယ်။ ဈေးတန်းမှာ ကျတယ်ပြောတယ်။ အဲဒီအချိန်က ကံဆီးဗျူဟာကုန်းကနေလည်း လက်နက်ကြီးပစ်ကူတယ်။ အချက်က ၁၀ ချက်ထက် မနည်းပဲ”လို့ ဒေသခံက ဆိုပါတယ်။
ဒါ့အပြင် စစ်ကောင်စီ လေယာဉ်နဲ့ကြဲခဲ့တဲ့ဗုံးဟာ ဥရုချောင်းဘက် ကျရောက်ခဲ့ပေမဲ့ လူအထိအခိုက်တော့ မကြားသေးမိဘူးလို့ PDFနဲ့ နီးစပ်သူ အမျိုးသားတစ်ဦးက ပြောပါတယ်။
ပြီးခဲ့တဲ့နှစ် အောက်တိုဘာလ ၂၃ ရက်နေ့ည ၈ နာရီခွဲအချိန်လောက်မှာ KIOနေ့ အထိမ်းအမှတ် အကြိုပွဲပြုလုပ်နေချိန် စစ်ကောင်စီဘက်က လေယာဉ်ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက် KIAတပ်သား တွေအပြင် ကချင်အနုပညာရှင်အချို့နဲ့ အရပ်သားပြည်သူတွေစုစုပေါင်း ၆၂ ဦး သေဆုံးခဲ့ရပါတယ်။
ဆက်လက်ဖော်ပြပါမည်။







