စက်တင်ဘာ၊ ၁၉
စစ်ကောင်စီရဲ့ စစ်သင်္ဘောတွေ ကချင်ပြည်နယ်၊ရွှေကူမြို့ ဧရာဝတီမြစ်ကြောင်းမှာ ရောက်ရှိနေပြီပြီး ရွှေတူးကြတဲ့သူတွေရဲ့ ကားတွေကို မီးရှို့ပေးလိုက်ကြတယ်လို့ ဒေသခံတွေဆီက ကြားသိရပါတယ်။
ရွှေကူမြို့မရောက်ခင်မှာတော့ စစ်ကောင်စီရဲ့ သင်္ဘောတွေကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲတွေ ပစ်ခတ်တာတွေရှိပေမဲ့ ရွှေကူအရောက်မှာတော့ ပစ်ခတ်မှုတွေ မရှိဘူးလို့ ရွှေကူဒေသံအမျိုးသမီးတစ်ဦးက ပြောပါတယ်။
“ရွှေကူပတ်ဝန်းကျင်မှာတော့ ဒီကသူတွေ(KIAနဲ့ PDF) ဘယ်သူမှ မပစ်ကြဘူးတဲ့။ ရွှေတူးကြတဲ့ သူတွေရဲ့ ကားတွေကိုတော့(စစ်ကောင်စီက) အားလုံးလက်နက်တွေနဲ့ပစ်ပြီး မီးရှို့ပေးလိုက်ကြတယ်တဲ့။ သူတို့လမ်းရှင်းလုပ်ပြီး အားလုံးပစ်ရှို့ပေးလိုက်ကြတာတဲ့။”လို့ ဒေသခံက ဆိုပါတယ်။
ဧရာဝတီမြစ်ကြောင်းတစ်လျှောက်က ပြည်သူတွေကိုလည်း ပြောင်းရွှေ့ဖို့အတွက် စစ်ကောင်စီကပြောထားတာကြောင့် ဒေသခံတွေဟာ မြို့ဘက်ကို ပြောင်းရွှေ့နေကြတယ်လို့လည်း သိရပါတယ်။
ဒေသခံတွေဟာ မိုးတွင်းအချိန်မှာ မိမိတို့နေအိမ်ကို စွန့်ခွါထွက်ပြေးတာမျိုးတွေ ပြုလုပ်နေရတဲ့အတွက် အခက်အခဲတွေကြုံ နေကြရတယ်လို့လည်း ဆိုပါတယ်။
လွန်ခဲ့တဲ့ စက်တင်ဘာလ ၁၀ ရက်နေ့ဝန်းကျင်လောက်က မန္တလေးတိုင်း၊ ဂါဝန်ဆိပ်ကမ်းကနေ ဗန်းမော်မြို့နယ်ဘက်ကို ဆန်တက်လာတဲ့ စစ်ကောင်စီရဲ့ စစ်သင်္ဘော ၇ စီးဟာ ရွှေကူမြို့ကိုရောက်ရှိနေတာ ဖြစ်ပါတယ်။
အဲဒီသင်္ဘောပေါ်မှာ စစ်သားတွေ၊ စစ်လက်နက်ခဲယမ်းတွေနဲ့ ရိက္ခာတွေအပြင် တင့်ကားတစ်စီးပါ တင်ဆောင်လာခဲ့ကြတယ်လို့ လည်း ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။







