ဇွန်၊၂၆
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဖားကန့်စစ်ကောင်စီတပ်မကုန်းကနေ ပစ်ခတ်တဲ့ လက်နက်ကြီးကျည်တွေ ဆိုင်းတောင်ရပ်ကွက်/ကျေးရွာမှာ ကျရောက်ပေါက်ကွဲခဲ့တဲ့အတွက် ဒေသခံ ၁၀ ဦးခန့် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဆိပ်မူကျေးရွာအုပ်စု၊ ဆိုင်းတောင်ရပ်ကွက်/ကျေးရွာက စိန်မြသုခဘုန်းကြီးကျောင်းအနီးက ဖူဆယ်ဘောလုံးကွင်းမှာ ကျရောက်ပေါက်ကွဲခဲ့တဲ့အတွက် ဒေသခံ ၄ ဦး ထိခိုက် ဒဏ်ရာရှိခဲ့တယ်လို့ ဖားကန့်ဒေသခံ အမျိုးသားတစ်ဦးက မြစ်ကြီးနား သတင်းဂျာနယ်ကို ပြောပါတယ်
“စိန်မြသုခဘုန်းကြီးကျောင်းဝင်းက ဖူဆယ်ကွင်းမှာ ကျတယ်တဲ့။ အဲဒီဘေးမှာ နေနေတဲ့သူတွေမှာ ထိတယ်ထင်တယ်။”လို့ အထက်ပါ အမျိုးသားကပြောပါတယ်
ဖားကန့်စစ်ကောင်စီတပ်မကုန်းကနေ ပစ်ခတ်တဲ့ လက်နက်ကြီး စိန်မြသုခဘုန်းကြီးကျောင်း ကျရောက်ပေါက်ကွဲခဲ့ပြီးဆယ်ကျော်သက်အရွယ် အမျိုးသားငယ်နှစ်ဦး၊ အသက် ၂၈ အရွယ် အမျိုးသားတစ်ဦးနဲ့ အသက် ၅၀ ကျော်အရွယ် အမျိုးသားတစ်ဦးတို့ ထိခိုက် ဒဏ်ရာရရှိခဲ့ပြီး မှော်ရှန်ဆေးရုံမှာ ဆေးကုသမှုခံယူနေတယ်လို့ သိရပါတယ်။
ဒါ့အပြင် မှော်ရှန်ကျေးရွာက နေအိမ်တစ်အိမ်မှာလည်း ဖားကန့်တပ်မကုန်းက ပစ်ခတ်တဲ့ လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့တာကြောင့် ဒေသခံ ၄ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။
ဆိုင်းတောင်ရပ်ကွက်/ကျေးရွာအချို့နေရာတွေလည်း လက်နက်ကြီးကျရောက်ပေါက်ကွဲခဲ့တဲ့အတွက် ဒေသခံအချို့နဲ့ နေအိမ်၊ဈေးဆိုင်တွေ ထိခိုက်ခဲ့တယ်လို့ သိရပါတယ်။
ဒီကနေ့မနက်က ဆိုင်းတောင်ရဲစခန်းကုန်းကို KIA ပူးပေါင်းတပ်တွေက ဒရုန်းနဲ့ လေးကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဘက်က ထိခိုက်သေဆုံးတာတွေရှိတဲ့အတွက် ဖားကန့်တပ်မကုန်းကနေ လက်နက်ကြီး ၁၀ ကြိမ်ထက်မနည်း ပစ်ခတ်ခဲ့တာဖြစ်တယ်လို့ ဖားကန့်ဒေသခံတစ်ဦးရဲ့ ပြောချက်အရ သိရပါတယ်။
လက်ရှိအချိန်မှာတော့ ဆိုင်းတောင်ရပ်ကွက်/ကျေးရွာမှာ လမ်းသွားလမ်းလာ နည်းတယ်လို့ ဆိုင်းတောင်ဒေသခံ အမျိုးသမီးတစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်ကို ပြောပါတယ်။
“လမ်းတွေမှာ လူသိပ်မရှိဘူး ဆိုင်တွေလည်း ပိတ်တယ်။ လူတွေတောင် သိပ်မဖြတ်ဘူး ကားတွေဆို ဖြတ်တောင်မဖြတ်ဘူး။ ဆိုင်ကယ်လောက်ပဲဖြတ်တယ်။”လို့ အထက်ပါ အမျိုးသမီးက ပြောပါတယ်။
မနေ့ကလည်း ဆိုင်းတောင်ရပ်ကွက်/ကျေးရွာမှာ စစ်ကောင်စီတပ်နဲ့ KIA၊KPDF ပူးပေါင်းတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် ဖားကန့်စစ်ကောင်စီတပ်မကုန်းကပစ်ခတ်တဲ့ လက်နက်ကြီးကျည်ဟာ လုံးခင်းကျေးရွာက ကားဆိုင်ကယ်ပစ္စည်း အရောင်းဆိုင်တစ်ဆိုင်မှာ ကျရောက်ပေါက်ကွဲခဲ့ပါတယ်။







