ဆိုင်းတောင်(ဆိပ်မူ)က နေအိမ်တွေကို စစ်ကောင်စီနဲ့ပေါင်းပြီး မီးရှို့တဲ့ မူးယစ်ဆေးဝါးသမား အယောက် ၂၀၀ ကို ဖမ်းဆီးထားတယ်လို့ ကြားသိရကြောင်း ဗိုလ်မှူးကြီးနော်ဘူပြော

209

 

စက်တင်ဘာ၊၁၇

ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာအုပ်စု၊ ဆိုင်းတောင်(ဆိပ်မူ)ကျေးရွာက အရပ်သားနေအိမ်တွေကို စစ်ကောင်စီတပ်နဲ့ပေါင်းပြီး မီးရှို့ခဲ့တဲ့ မူးယစ်းဆေးဝါးသမား အယောက် ၂၀၀ ဝန်းကျင်ကို ဖမ်းဆီးထားကြောင်း ကြားသိထားရပြီး အတိအကျကိုတော့ ဆက်လက်စုံစမ်းနေဆဲဖြစ်တယ်လို့ ကချင်လွတ်လပ်ရေးအဖွဲ့စည်း (KIO/KIA) ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။

အဲဒီမူးယစ်ဆေးဝါးသမားတွေကို KIA/PDF ပူးပေါင်းတပ်ဖွဲ့တွေက ဖမ်းဆီးနေတာဖြစ်ပြီး ဆက်လက်စစ်ဆေးနေဆဲ ဖြစ်တာကြောင့် လက်ရှိအချိန်မှာတော့ တိကျမှန်ကန်တဲ့ သက်သေတွေကို ရှာဖွေနေဆဲ ဖြစ်တယ်လို့ ဗိုလ်မှူးကြီးနော်ဘူက အခုလိုပြောပါတယ်။

ဒီနေ့ အိမ်မီးရှို့တဲ့နေရာမှာ ပါတဲ့သူတွေကို ဖမ်းမိတဲ့သူတွေကို စစ်ဆေးလို့တော့ ပြောထားတယ်။ အပြင်ကနေ ဖိုးသမားတွေကို ရှို့ခိုင်းတယ်လို့ သတင်းထွက်နေတယ်။ ဒါပေမဲ့ အတိအကျမှန်ကန်တဲ့ သက်သေနဲ့တကွ မရသေးဘူး။ သူတို့ အပေါ်ယံအကြောင်းကြားတာတော့ နေ့တိုင်းလိုလို ဖမ်းတယ် ၂၀၀ လောက်ဖမ်းတယ်လို့ ပြောတယ်။ သေချာလားတော့ မသိသေးဘူး။ Confirm(အတည်ပြုချက်) မဖြစ်သေးဘူး။လို့ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။

စက်တင်ဘာလ ၁၂ ရက်နေ့က ဆိုင်းတောင်ကျေးရွာက စစ်ကောင်စီရဲစခန်းကုန်းကို KIA ပူးပေါင်းတပ်တွေက တိုက်ခိုက်သိမ်းပိုက်ပြီးနောက် စစ်ကောင်စီက ဆိုင်းတောင်ကျေးရွာက အရပ်သားနေအိမ်တွေကို စတင်မီးရှို့ဖျက်ဆီးခဲ့ပြီး ဒီကနေ့အထိ မီးရှို့နေဆဲဖြစ်ပါတယ်။

ဒေသခံနေအိမ်တွေကို စစ်ကောင်စီတပ်တွေနဲ့အတူ မီးရှို့ခဲ့တဲ့ မူးယစ်ဆေးဝါးသမား တွေကို KIA/PDFပူးပေါင်းတပ်တွေ ဖမ်းမိခဲ့တယ်လို့လည်း ဖားကန့်ဒေသခံတစ်ဦးရဲ့ ပြောချက်အရ သိရပါတယ်။

ဆိုင်းတောင်ကျေးရွာမှာ တိုက်ပွဲပြင်းထန်နေတဲ့အတွက် မြို့ပေါ်ရပ်ကွက်တွေဖြစ်ကြတဲ့ ဌက်ပျော်တော၊မရှီကထောင် စတဲ့ရပ်ကွက်က ဒေသခံတွေ တိမ်းရှောင်နေကြရပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလ ၄ ရက်နေ့က စတင်ပြီး ဆိုင်းတောင်ရပ်ကွက်/ကျေးရွာ အနီးက ယူမာကျေးရွာမှာ စစ်ကောင်စီတပ်နဲ့ KIA ပူးပေါင်းတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့တာဖြစ်ပြီးတော့ လက်ရှိအချိန်အထိ စစ်ရေးတင်မာဆဲ ဖြစ်ပါတယ်။

 

LEAVE A REPLY

Please enter your comment!
Please enter your name here