ဒီဇင်ဘာ၊၁၁
ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊PDF ပူးပေါင်းတပ်တွေကနေ ဗန်းမော်မြို့သိမ်းပိုက်နိုင်ရေး စစ်မျက်နှာပြင်ဖွင့် ပိတ်ဆို့တိုက်ခိုက်နေတာ အချိန်တစ်ပတ်ရှိလာပြီဖြစ်ပြီး တိုက်ပွဲတွေဆက်လက်ပြင်းထန်နေဆဲ ဖြစ်တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၄ ရက်နေ့မနက်ပိုင်းကနေ စပြီး ဗန်းမော်နဲ့ မံစီမြို့အနီးတစ်ဝိုက် နေရာအနှံ့ KIA ကနေ တစ်ပြိုင်နက် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီးနောက် ဒီကနေ့ ၁၁ ရက်နေ့အထိ တိုက်ပွဲပြင်းထန်နေဆဲ အခြေအနေလည်း ဖြစ်ပါတယ်။
စစ်ရေးသတင်းအရင်းအမြစ်တစ်ဦးရဲ့ ပြောပြချက်အရ KIA ပူးပေါင်းတပ်ဖွဲ့ကနေ ဗန်းမော်မြို့တွင်းအထိပါ တိုက်ပွဲဖော်ဆောင်နေတာဖြစ်ပြီး မြို့တွင်းနေရာအချို့မှာ ဝင်ရောက်နေပြီလို့လည်း သိရပါတယ်။
KIA တပ်သားတွေ ဗန်းမော်မြို့တွင်းနေရာအချို့ကို ဝင်ရောက်တာတွေ ရှိနေပြီဖြစ်တဲ့အပြင် နှစ်ဖက်တပ် စစ်ရေးအခြေအနေကတော့ တိုက်ပွဲဆက်လက် ဖြစ်ပွားနေဆဲဖြစ်တယ်လို့ ကချင်လွတ်လပ်ရေးအဖွဲ့အစည်း(KIO/KIA)သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက မြစ်ကြီးနားသတင်းဂျာနယ်ကို အခုလိုပြောပါတယ်။
“တိုက်ပွဲကတော့ ဆက်တိုက်ရှိတယ်။ စစ်ကောင်စီတပ်စခန်းတွေ၊ ရဲစခန်းတွေ သိမ်းတာတို့တော့ မကြားသေးဘူး။ ဆက်လက်ပြီး တိုက်ခိုက်နေဆဲပဲ။ မြို့ထဲနေရာအချို့ ဝင်ရောက်တာတော့ ရှိတယ်တဲ့။ တစ်ချို့နေရာတွေတော့ မဝင်နိုင်သေးဘူးပေါ့။“လို့ ဆိုပါတယ်။
နှစ်ဖက်တပ် တိုက်ပွဲပြင်းထန်နေချိန် စစ်ကောင်စီတပ်ဘက် လေကြောင်းပစ်ကူတာတွေ ရှိနေပြီး တိုက်ပွဲတွင်းက လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့်သာမက လေကြောင်းတိုက်ခိုက်မှုကြောင့်ပါ အရပ်သားထိခိုက်သေဆုံးတာတွေနဲ့ နေအိမ်ပျက်စီးတာတွေပါ ရှိနေတယ်လို့ ကြားသိရပါတယ်။
စစ်ကောင်စီတပ်ကနေ လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်နေတဲ့အတွက် ဒေသခံတွေဟာ ကိုယ့်မိသားစုနဲ့ကိုယ် နီးစပ်ရာနေရာတွေနဲ့ တတ်နိုင်တဲ့ဘက်ကို အလံဖြူထောင်ပြီး ရေကြောင်းအပြင် ကုန်းကြောင်းကနေပါ မြို့ကနေ ထွက်ပြေးတိမ်းရှောင်နေကြရတာပါ။
အဲဒီလို ဗန်းမော်နဲ့ မံစီမြို့ အနီးတစ်ဝိုက် KIA ပူးပေါင်းတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတို့အကြား တိုက်ပွဲတွေ ပြင်းထန်နေချိန် တစ်ဖက်မှာလည်း တရုတ်ဘက်က တွေ့ဆုံဖို့ဖိတ်ခေါ်တာကြောင့် ကချင်လွတ်လပ်ရေးအဖွဲ့(KIO/KIA) ဥက္ကဌ ဗိုလ်ချုပ်ကြီး အင်ဘန်လဦးဆောင်တဲ့အဖွဲ့ဟာ ဒီဇင်ဘာလ ၈ ရက်နေ့က တရုတ်ပြည်ဘက်ကို ထွက်ခွာသွားပြီလည်း ဖြစ်ပါတယ်။







