ဇန်နဝါရီ၊၃
ကချင်ပြည်နယ်၊ ဗန်းမော်နဲ့ မံစီမြို့ အနီးတစ်ဝိုက်ဘက် ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်နဲ့ စစ်ကောင်စီတပ်တို့ တစ်လကြာတဲ့အထိ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၄ ရက်နေ့က စတင်လာခဲ့တဲ့ ဗန်းမော်နဲ့ မံစီအနီးတစ်ဝိုက် စစ်ကောင်စီတပ်စခန်းတွေဘက်က နှစ်ဖက်တပ် တိုက်ပွဲအခြေအနေဟာ လက်ရှိအချိန်အထိ ငြိမ်သက်သွားတာ မရှိသေးဘဲ နေ့တိုင်းလိုလို တိုက်ပွဲတွေရှိနေတာပါ။
တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်က လေကြောင်းအသုံးပြုတိုက်ခိုက်တာအပြင် နှစ်ဖက်တပ်ကနေ လက်နက်ကြီး၊ ဒရုန်းတွေနဲ့ အပြန်အလှန် တိုက်ခိုက်တာတွေ ရှိနေတယ်လို့ ကချင်လွတ်လပ်ရေးအဖွဲ့အစည်း (KIO/KIA) သတင်းနဲ့ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက မြစ်ကြီးနားသတင်းဂျာနယ်ကို အခုလို ပြောပါတယ်။
“တိုက်ပွဲကတော့ နေ့တိုင်းလိုလိုပါပဲ ဆက်ရှိနေပါတယ်။ မံစီဘက်မှာကတော့ တိုက်ပွဲ နည်းနည်းပိုပြီးမှ ပြင်းထန်သလို ဖြစ်နေပါတယ်။“လို့ ဆိုပါတယ်။
ဗန်းမော်မြို့ဘက် တိုက်ပွဲတွေ ပြင်းထန်နေချိန် ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၈ ရက်နေ့က တရုတ်ကနေ ဖိတ်ခေါ်တဲ့အတွက် ကချင်လွတ်ရေးအဖွဲ့အစည်း(KIO/KIA) ဥက္ကဌ ဗိုလ်ချုပ်ကြီးအင်ဘန်လ ဦးဆောင်တဲ့အဖွဲ့နဲ့ တရုတ်ပြည်သူ့ နိုင်ငံရေး အတိုင်ပင်ခံကွန်ဖရင့်(CPPCC) အဖွဲ့နဲ့ တွေ့ဆုံခဲ့ပါတယ်။
တွေ့ဆုံဆွေးနွေးချိန် အပစ်အမြန်ရပ်ပြီး နယ်စပ်တစ်လျှောက် ငြိမ်းချမ်းရေးလုပ်ဖို့နဲ့ နယ်စပ်ဂိတ်ဖွင့်မယ့်အရေးတွေကို တရုတ်ဘက်က ဆွေးနွေးလိုက်ပေမဲ့ ကချင်ပြည်နယ်အတွင်း တိုက်ပွဲတွေ ငြိမ်သက်သွားတာတော့ မရှိသေးပါဘူး။
KIO/KIAသတင်းနဲ့ ပြန်ကြားရေးဌာနရဲ့ စာရင်းပြုစုထားချက်အရ ၂၀၂၄ ခုနှစ် မတ်လ ၇ရက်နေ့ကနေ လက်ရှိအချိန်အထိ သိမ်းပိုက်ရရှိတဲ့ စစ်ကောင်စီတပ်စခန်းကြီး/ငယ်ပေါင်း ၃၁၀ ဝန်းကျင်လောက်ရှိပြီလို့ သိရပါတယ်။







