သူတော်ချင်း သတင်းလွေ့

32
သူတော်ချင်း သတင်းလွေ့
သူတော်ချင်း သတင်းလွေ့

သူတော်ချင်း သတင်းလွေ့

ရေးသူစိုင်းခေ

သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ လွတ်လပ်မျှတတဲ့ ရွေးကောက်ပွဲကို စောင့်ကြည့်ဖို့ နိုင်ငံ ၇ နိုင်ငံက ကိုယ်စားလှယ်အဖွဲ့တွေ ရောက်လာပါပြီ။

ရုရှား၊ ဘီလာရုစ်၊ ကာဇက်စတန်၊ ကမ္ဘောဒီးယား၊ အိန္ဒိယ၊ တရုတ်နဲ့ ဗီယက်နမ်နိုင်ငံတို့က ကိုယ်စားလှယ်တော်ကြီးတွေ ဖြစ်ပါတယ်။

ဒီနေရာမှာ ၇ နိုင်ငံထဲရှိတဲ့အထဲ ကပ်ပါလာတဲ့ ၂ နိုင်ငံက တရုတ်နဲ့ ဗီယက်နမ်ပါတဲ့။ “ဟိုက်”ဆိုပြီး နဖူးကို လက်ဝါးနဲ့ရိုက်ချင်စရာ ကောင်းလောက်အောင်ပါပဲ။ တစ်ပါတီထဲကြီးစိုးပြီး အတိုက်အခံမရှိတဲ့ အာဏာရှင် ကွန်မြူနစ်၊ ဆိုရှယ်လစ် နိုင်ငံတွေ ဖြစ်နေလို့ပါ။

ဒါဆို အဲဒီ ၂ နိုင်ငံနဲ့ ဒီမိုကရေစီကျင့်သုံးနေတဲ့ အိန္ဒိယကို ချန်ပြီး ကျန်တဲ့ ၄ နိုင်ငံရဲ့ ရွေးကောက်ပွဲ သမိုင်းတွေကို တစ်ချက်လှည့်ကြည့် လိုက်ရအောင်ပါ။

ရုရှား

မင်းအောင်လှိုင်ရဲ့ အကိုကြီး သက်တော်ရှည် သမ္မတကြီးပူတင် နိုင်ငံကိုအုပ်ချုပ်နေတာက အခုဆို ၂၆ နှစ်ထဲရောက်နေပါပြီ။

ပြည်သူတွေထောက်ခံလွန်းလှပါလား၊ သမ္မတသက်တမ်းကလည်း ရှည်လှပါလားလို့ စာဖတ်သူ တွေးမိရင်တော့ မှားပါလိမ့်မယ်။ သူဟာ ၂၀၀၀ ပြည့်နှစ်ရွေးကောက်ပွဲကနေ ၂၀၀၈ ခုနှစ်ထိ ၂ ကြိမ်ဆက် သမ္မတဖြစ်ခဲ့ပါတယ်။ အခြေခံဥပဒေအရ ၂ ကြိမ်ဆက် ရွေးကောက်ခံပြီးတာနဲ့ ဝင်ပြိုင်လို့မရပါဘူး။ နောက်ရွေးကောက်ပွဲမှာ သူ သမ္မတအဖြစ် ဝင်မပြိုင်ခဲ့ပါဘူး။ ဒီအထိက ပုံမှန်လို့ ပြောလို့ ရနိုင်ပါသေးတယ်။

ပုံမှန်မဟုတ်တာကတော့ သူဝင်မပြိုင်ပေမဲ့ ၂၀၀၈ ကနေ ၂၀၁၂ အထိ သူ့လူယုံ ဒီမီထရီ မက်ဗီဒက် (Dmitry Medvedev) ကို သမ္မတလုပ်ခိုင်းခဲ့ပြီး သူက ဝန်ကြီးချုပ်အဖြစ် ၄ နှစ်ကြာ တာဝန်ယူခဲ့တာပါ။

နောက်ကွယ်က ကြိုးကိုင်သူကြီးအဖြစ်ပေါ့။ သူ့လူယုံတော် တာဝန်ယူတဲ့အချိန်မှာလည်း သမ္မတ သက်တမ်းကို ၆ နှစ်ဖြစ်စေဆိုပြီး အခြေခံဥပဒေကို ဥုံဖွ မန်းပေးခဲ့ပါတယ်။

ဒီလိုနဲ့ အခြေခံဥပဒေအရ တစ်ကြိမ်နားပြီးတဲ့အတွက် ၂၀၁၂ မှာ ပူတင်ဝင်ပြိုင်ပြီး သမ္မတထပ်ဖြစ်လာပါတယ်။ အသာလေးပဲ နိုင်ခဲ့ပါတယ်။ ၆ နှစ် တာဝန်ထမ်းဆောင်ပြီး ၂၀၁၈ မှာ နောက်တစ်ကြိမ်ထပ်ပြိုင်ပါတယ်။ ဒီတစ်ခါလဲ မဲအပြတ်အသတ်နဲ့ပါ။ ရိုးရိုးတော့ ဘယ်ဟုတ်ပါ့မလဲ အတိုက်အခံတွေကို ဖမ်းဆီး၊ ထောင်ချ၊ နှိပ်ကွပ်ပြီးတော့ပေါ့။

တကယ်တော့ အခြေခံဥပဒေအရသူ့သက်တမ်းဟာ ၂၀၂၄ ဆိုရင် ကုန်ပါပြီ။ နောက်ထပ် ဝင်ပြိုင်လို့ မရတော့ပါဘူး။ အဲဒီအတွက်တော့ ကြွက်မင်းကြီးပူတင်က ၂၀၂၀ ကတည်းက ကြိုတင်စီမံခဲ့ပါတယ်။ အခြေခံဥပဒေကို ထပ်ပြင်ခဲ့တာပါ။ သူဝင်ပြိုင်ခဲ့တဲ့ သက်တမ်းတွေကို reset ချလိုက်ပါတယ်။

ဒါကြောင့် ၂၀၂၄ မှာ ထပ်ပြိုင်လို့ရခဲ့တဲ့အတွက် အခုထိ သမ္မတနေရာမှာ ရှိနေသလို ၂၀၃၀ မှာ ထပ်ပြိုင်ခဲ့မယ်ဆိုရင်လည်း ၂၀၃၆ အထိ သမ္မတလုပ်လို့ရနေဦးမှာပါ။

ဘီလာရုစ်

ရုရှားအကြောင်းပြောပြီးတော့ သူနဲ့ကပ်ရပ် ဘီလာရုစ်အကြောင်းဆက်ကြည့်ရအောင်ပါ။ ဒီနိုင်ငံရဲ့ သမ္မတ အဂ္ဂမဟာသရေစည်သူ အလက်ဇန်းဒါး လူကာရှန်ကိုကတော့ ပူတင်ရဲ့ အကိုကြီးလို့ ပြောလို့ရပါတယ်။ သမ္မတသက်တမ်းရှည်ရေး ငါ့အရေးဆိုပြီး ပူတင်ထက်စောပြီး အခြေခံဥပဒေကို ပြင်ဆင်ခဲ့သူပါ။

ဘီလာရုစ်နိုင်ငံဟာ ဆိုဗီယက်ပြိုကွဲတော့ ၁၉၉၁ မှာလွတ်လပ်ရေးကြေညာ၊ ဖွဲ့စည်းပုံရေးဆွဲပြီး ၁၉၉၄ မှာ ရွေးကောက်ပွဲ ပြုလုပ်ခဲ့ပါတယ်။ လူကာရှန်ကို ဝင်အရွေးခံပြီး အနိုင်ရခဲ့ပါတယ်။ သိပ်မကြာပါဘူး သိုရေခြုံထားတာကို ချွတ်လိုက်ပါတယ်။ ၁၉၉၆ မှာ သမ္မတသက်တမ်းကို ၅ နှစ်အစား ၇ နှစ် အဖြစ် ပြင်လိုက်ပါတယ်။

ဒါတင်ပဲလားဆိုတော့ မဟုတ်သေးပါဘူး။ ၂ ကြိမ်ပဲ သမ္မတအဖြစ် ဝင်ပြိုင်လို့ရမယ်ဆိုတဲ့အချက်အစား အဆုံးမရှိဝင်ပြိုင်လို့ရအောင် အခြေခံဥပဒေကို ၂၀၀၄ ခုနှစ်မှာ ပြင်ဆင်ခဲ့ပါတယ်။ ဒါကြောင့် သူ့သမ္မတသက်တမ်းဟာ အခုဆိုရင် နှစ်ပေါင်း ၃၂ နှစ်ထဲ ဝင်နေပါပြီ။ ရွေးကောက်ပွဲတွေမှာ ဆက်တိုက် အနိုင်ရခဲ့တာကလည်း ထုံးစံအတိုင်း အာဏာရှင်တို့ လုပ်ထုံးလုပ်နည်းအတိုင်း အတိုက်အခံတွေကို ဖိနှိပ်တဲ့ နည်းနဲ့ပါပဲ။

စစ်အုပ်စု ရွေးကောက်ပွဲစောင့်ကြည့်မယ့် နိုင်ငံတွေရဲ့ သမိုင်းကတော့ တော်တော်ပြောင်မြောက်နေပါပြီ။

ကာဇက်စတန်

ကာဇက်စတန်ကလည်း ခေတဲ့နိုင်ငံတော့ မဟုတ်ပါဘူး။ ဒီနိုင်ငံဟာလည်း ဆိုဗီယက်ပြိုကွဲပြီးတဲ့နောက် ၁၉၉၁ မှာ လွတ်လပ်တဲ့ နိုင်ငံဖြစ်ခဲ့တာပါ။ အဲဒီနှစ်မှာပဲ ရွေးကောက်ပွဲလုပ်ပြီး နာဇာဘာယက်ဗ် (Nazarbayev) ဟာ သမ္မတအဖြစ် ဝင်အရွေးခံပြီး ၂၀၁၉ ခုနှစ်ထိ နိုင်ငံကို သမ္မတအဖြစ် အုပ်ချုပ်ခဲ့သူ ဖြစ်ပါတယ်။

သူဟာလည်း အခြေခံဥပဒေတွေကို အမျိုးမျိုးပြင်ခဲ့ပြီး ပူတင်အတွက် ရှေ့ဆောင်လမ်းပြခဲ့သူလို့ ပြောလို့ရနိုင်ပါတယ်။ သမ္မတသက်တမ်းတွေပြုပြင်ပြောင်းလဲတာနဲ့ ပထမဆုံး ဝင်ပြိုင်တဲ့ သမ္မတဟာ အဆုံးမရှိဝင်ပြိုင်လို့ရတယ်ဆိုတဲ့အချက်တွေကို ပြောင်းလဲရေးဆွဲခဲ့သူဖြစ်ပါတယ်။ ဒီနေရာမှာ ကြားဖြတ်ပြောစရာရှိတာက သူ့ရုပ်တုတွေကိုလည်း နိုင်ငံအနှံ့မှာ စိုက်ထူတာတွေလုပ်ခဲ့ပါသေးတယ်။

ဒါပေမဲ့ ၂၀၁၉ မှာတော့ ပြောင်းလဲမှုအဖြစ် သူ့လူယုံ တိုကာယက်ဗ် (Tokayev) ကို သမ္မတအဖြစ် လွှဲပြောင်းပေးခဲ့ပြီး သူကတော့ လုံခြုံရေးကောင်စီဥက္ကဋ္ဌ ရာထူးယူပြီး နောက်ကွယ်ကနေ ချုပ်ကိုင်ခဲ့ပါတယ်။

အဲဒီနောက် ဓာတ်ငွေ့ဈေးနှုန်း တက်တာကနေ စလိုက်တဲ့ ဆန္ဒပြမှုဟာ ၂၀၂၂ ခုနှစ်မှာတော့ “သွေးစွန်းတဲ့ ဇန်နဝါရီ” (Bloody January) အဖြစ် နာမည်ကြီးသွားပါတယ်။ ဆန္ဒပြသူတွေဟာ “အဘိုကြီး ထွက်သွား” လို့ ကြွေးကြော်ခဲ့ပြီး သမ္မတဟောင်းရဲ့ ရုပ်တုတွေကို ဖျက်ဆီးခဲ့ပါတယ်။

အဲဒီအချိန်မှာ သမ္မတအဖြစ်ထမ်းဆောင်နေတဲ့ တိုကာယက်ဗ် ဟာ ဆန္ဒပြသူတွေကို အကြမ်းဖက် နှိမ်နင်းခဲ့တာကြောင့် Bloody January အဖြစ် နာမည်ကြီးခဲ့တာပါ။ ဒါကြောင့် ပြည်သူတွေရဲ့ ဒေါသကို ချွေးသိပ်ဖို့ သမ္မတဟာ ပြုပြင်ပြောင်းလဲရေးတွေကို ဆက်တိုက် လုပ်ဆောင်ခဲ့ပါတယ်။ သမ္မတသက်တမ်း ၇ နှစ်ပြီးရင်လည်း ဝင်မပြိုင်ဘူးလို့ ပြောဆိုထားပါတယ်။

အရင်သမ္မတဟောင်း နာဇာဘာယက်ဗ်ကိုလည်း သူတာဝန်ယူထားတဲ့ လုံခြုံရေးကောင်စီဥက္ကဋ္ဌ ရာထူးကနေ ထုတ်လိုက်သလို နာဇာဘာယက်ဗ်ရဲ့လူဖြစ်တဲ့ ထောက်လှမ်းရေးအကြီးအကဲကိုလည်း ဖမ်းဆီးလိုက်ပါတယ်။ အာဏာရှင်နိုင်ငံအဖြစ်ကနေ စပြောင်းလဲနေပြီဆိုပေမဲ့ စောင့်ကြည့်ရဦးမယ့် နိုင်ငံလည်းဖြစ်ပါတယ်။

ကမ္ဘောဒီးယား

မြန်မာနိုင်ငံက စာဖတ်သူကြီးရဲ့ ဘော်ဒါ ကမ္ဘောဒီးယားရဲ့ သက်တော်ရှည် ခေါင်းဆောင်ကြီး ဟွန်ဆန်အကြောင်းကတော့ မြန်မာနဲ့သိပ်မစိမ်းလှပါဘူး။

အာဏာရှင်တို့ ထုံးစံအတိုင်းပါပဲ အတိုက်အခံတွေကို ဖိနှပ်ပြီး အုပ်ချုပ်ခဲ့တာဟာ ၁၉၈၅ ကနေ ၂၀၂၃ ခုနှစ် နှစ်ပေါင်း ၄၀ နီးပါးပဲ။ ၂၀၂၃ မှာတော့ ဟွန်ဆန်ဟာ ရုတ်တရက်ကြီး လူငယ်တွေကို နေရာပေးချင်စိတ် ပေါက်သွားခဲ့ပါတယ်။ သူယူခဲ့တဲ့ ဝန်ကြီးချုပ်ရာထူးကို တကယ်လည်း လူငယ်တစ်ယောက်ကို နေရာပေးခဲ့ပါတယ်။ ကမ္ဘောဒီးယားပြည်သူတွေအတွက် စိတ်မကောင်းစရာကတော့ သူတာဝန်ပေးခဲ့သူဟာ သူ့သားဖြစ်နေတာပါပဲ။

နိဂုံး

အခု စစ်အုပ်စုလုပ်မယ့်ရွေးကောက်ပွဲကို စောင့်ကြည့်မယ့်နိုင်ငံတွေထဲမှာ ဒီမိုကရေစီ နိုင်ငံကတော့ အိန္ဒိယနိုင်ငံတစ်ခုထဲ ပါဝင်နေပါတယ်။ ဒါပေမဲ့လည်း ပြည်သူတွေပါဝင်မှုမရှိတဲ့ ရွေးကောက်ပွဲကို ထောက်ခံပြီး လာစောင့်ကြည့်တယ်ဆိုကတည်းက အဖြေကတော့ကြိုထွက်နေပြီးသားပါ။

ကျန်တဲ့စောင့်ကြည့်မယ့် နိုင်ငံတွေအကုန်လုံးကတော့ အာဏာရှင်နိုင်ငံတွေပါ။ လူမိုက်ကြီးများဟာ သူတော်အချင်းချင်း သတင်းလွေ့ကြပါပြီ။ ဒီလိုနောက်ခံရှိတဲ့နိုင်ငံတွေက ရွေးကောက်ပွဲကို စောင့်ကြည့်မယ်ဆိုတော့ အဖြေအတွက် စိတ်အေးရပါပြီ။ စိတ်အေးနေသူတွေကတော့ နေပြည်တော် ဘဘကြီးတွေပါ။

 

LEAVE A REPLY

Please enter your comment!
Please enter your name here