KIO/KIA ဥက္ကဌ ရဲ့ တရုတ်ခရီးစဉ် တစ်ပတ်ခန့်အကြာ တရုတ်-မြန်မာ နယ်စပ်ဂိတ်တွေပြန်ဖွင့်

199

 

ဒီဇင်ဘာ၊၁၃

ကချင်လွတ်လပ်ရေးအဖွဲ့အစည်း(KIO/KIA) ဥက္ကဌ ဗိုလ်ချုပ်ကြီးအင်ဘန်လရဲ့ တရုတ်ပြည်ခရီးစဉ် တစ်ပတ်ခန့် ရက်အကြာမှာပဲ ကချင်ပြည်နယ်အတွင်းက တရုတ်-မြန်မာ နယ်စပ်ဂိတ်တွေကို ဖွင့်လိုက်ပါတယ်။

လူမှုကွန်ရက်နဲ့ NUG သယံဇာတဝန်ကြီး ဒေါက်တာတူးခေါင်ရဲ့ တင်ပြထားချက်တွေအရ KIA သိမ်းပိုက်ရရှိထားတဲ့ နယ်စပ်ကုန်သွယ်‌ရေးစခန်းရှိရာ လွယ်ဂျယ်ဂိတ်၊ ဌာချုပ်တည်ရှိရာလိုင်ဇာဂိတ်နဲ့ မြေရှားသတ္တုထွက်ရှိရာ ပန်ဝါဂိတ်အပြင် မိုင်ဂျာယန်ဂိတ်ကို ဒီကနေ့မနက်မှာပဲ KIA ဘက်က ဖွင့်လိုက်တာကို ရုပ်သံတွေနဲ့တကွ တွေ့ရှိရပါတယ်။

အဲဒီအထဲမှာ‌တော့ နောက်ဆုံးသိမ်းပိုက်ရရှိခဲ့တဲ့ ကန်ပိုက်တီ နယ်စပ်ကုန်သွယ်ရေးဂိတ် ဖွင့်တာကိုတော့ မတွေ့ရသေးပါဘူး။

ပန်ဝါနယ်စပ်ဂိတ်ကိုတော့ တရုတ်ဘက် ဂိတ်ဖွင့်ပေးတာ မရှိသေးပေမဲ့ KIA ဂိတ်ဘက်က ဖွင့်ထားပြီလို့ ပန်ဝါဒေသခံ အမျိုးသမီးတစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်ကို ပြောပါတယ်။

ပန်ဝါမှာတော့ တရုတ်ဘက်ကတော့ ဂိတ်မဖွင့်သေးဘူး။ KIA ဘက်ကပဲ ဂိတ်ဖွင့်နေတယ်။ အခုထိတော့ ဘယ်သူမှမသွားကြသေးဘူး။လို့ အထက်ပါဒေသခံက ဆိုပါတယ်။

အထက်ပါကိစ္စတွေနဲ့ပတ်သက်ပြီး KIO/KIA ပြန်ကြာရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူကို မြစ်ကြီးနားသတင်းဂျာနယ်က မေးမြန်နေပေမဲ့ ဖုန်းလက်ခံဖြေကြားတာတော့ မရှိသေးပါဘူး။

ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ကနေ ကချင်ပြည်နယ်အတွင်း ထိုးစစ်စတင်ခဲ့တဲ့ မတ်လ ၇ ရကနေ့ နောက်ပိုင်းမှာ ကချင်ပြည်နယ်အတွင်းက အခြားမြို့အချို့အပြင် နယ်စပ်ကုန်သွယ်ရေးစခန်းတည်ရှိရာ လွယ်ဂျယ်မြို့ကို သိမ်းပိုက်ခဲ့ပါတယ်။

အဲဒီနောက် စက်တင်ဘာလနောက်ဆုံးအပတ်က စတင်ခဲ့တဲ့ အထူးဒေသ ၁ ထိုးစစ်တစ်လလောက် အတွင်းမှာလည်း တရုတ်နဲ့ ထိစပ်နေတဲ့ ကန်ပိုက်တီ၊ပန်ဝါစတဲ့ နယ်စပ်ဂိတ်တွေအပြင် အထူးဒေသ ၁ တစ်ခုလုံးကို သိမ်းပိုက်ခဲ့တာပါ။

အခုလို KIA နဲ့ စစ်ကောင်စီတွေရဲ့ တိုက်ပွဲတွေကြောင့် တရုတ်- မြန်မာ နယ်စပ်တွေဂိတ်တွေကို ပိတ်ထားခဲ့တာဖြစ်ပြီး အခုအချိန်မှတော့ KIA ကနေ ပြန်လည်ဖွင့်ပေးခဲ့တာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာလ ၈ ရက်နေ့က ဗန်းမော်မြို့သိမ်းတိုက်ပွဲ ပြင်းထန်နေတဲ့အချိန် KIO ဥက္ကဌ ဗိုလ်ချုပ်ကြီးအင်ဘန်လ ဦးဆောင်တဲ့အဖွဲ့ဟာ တရုတ်ရဲ့ဖိတ်ခေါ်မှုကြောင့် တရုတ်ပြည်သူ့ နိုင်ငံရေး အတိုင်ပင်ခံကွန်ဖရင့်(CPPCC) နဲ့ တွေ့ဆုံခဲ့ပြီးတဲ့နောက် အခုလို နယ်စပ်ဂိတ်ဖွင့်တာတွေ ပြုလုပ်လာတာလည်း ဖြစ်ပါတယ်။

 

LEAVE A REPLY

Please enter your comment!
Please enter your name here