အင်းတော်ကြီးဒေသက တိုက်ပွဲတွေကြောင့် ဒေသခံတွေတိမ်းရှောင်နေရ၊ စစ်ကောင်စီစစ်ကြောင်းတွေ ဖားကန့်ဘက်ကို ဦးတည်နိုင်တယ်လို့ ယူဆကြောင်း ဗိုလ်မှူးကြီးနော်ဘူပြော

35

 

ဇူလိုင်၊၁၅

မိုးညှင်းခရိုင်၊ အင်းတော်ကြီးဒေသအတွင်း ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီပူးပေါင်းတပ်တို့ တိုက်ပွဲဖြစ်ပွားမှုတွေရှိနေပြီး ဒေသခံတွေ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ သိရပါတယ်။

အင်းတော်ကြီးဒေသမှာ တိုက်ပွဲဖြစ်ပွားမှုတွေရှိနေပြီး စစ်ကောင်စီစစ်ကြောင်းတွေဟာ ဖားကန့်ဘက်ကို ဦးတည်သွားဖို့ ယူဆရတဲ့အခြေအနေတွေ ရှိနေတယ်လို့ ကချင်လွတ်လပ်ရေးအဖွဲ့အစည်း(KIO/KIA) သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက မြစ်ကြီးနားသတင်းဂျာနယ်ကို ပြောပါတယ်။

အင်းတော်ကြီး၊နန့်မွန်းဘက်မှာ မနေ့ မနက်ကနေ တိုက်ပွဲဖြစ်ပွားတာကိုသိရတယ်။သတင်း အပြည့်အစုံကိုတော့ မကြားရသေးဘူး။ ဆက်လက်စုံစမ်းနေဆဲဖြစ်ပါတယ်။ အဲဒီ စစ်ကြောင်းတွေက ဖားကန့်ဘက်ကို ထိုးတက်မယ့်အခြေအနေရှိတယ်လို့ ယူဆရတယ်။လို့ ဗိုလ်မှူးကြီးနော်ဘူက သူ့ယူဆချက်ကို ပြောပါတယ်။

KIA တပ်ရင်း ၂၆ နယ်မြေဖြစ်တဲ့ အင်းတော်ကြီးဒေသ မိုင်းနောင်ကျေးရွာဘက်မှာ ဇူလိုင် ၁၄ ရက် မနက် ၉ နာရီခွဲဝန်းကျင်က တိုက်ပွဲဖြစ်ပွားမှုရှိခဲ့ပြီး ကျေးရွာနဲ့နီးစပ်ရာဒေသခံတွေ ထွက်ပြေးတိမ်းရှောင် နေရတယ်လို့ KIO သတင်းနဲ့ပြန်ကြားရေးဌာနရဲ့ TV အစီအစဉ်ရဲ့ ထုတ်လွင့်ချက်ကနေလည်း သိရပါတယ်။

ပြီးခဲ့တဲ့ ဇွန်လပိုင်းကနေ KIA တပ်မဟာ ၉ ဒေသ တပ်ရင်း ၆ နယ်မြေနဲ့ တပ်ရင်း ၂၆ နယ်မြေတွေ ဘက်မှာ တိုက်ပွဲဖြစ်ပွားမှု ခပ်စိပ်စိပ်ရှိနေတာဖြစ်ပြီး တစ်နေ့ထက်တစ်နေ့ တိုက်ပွဲတွေ ပြင်းထန်လာနေတယ်လို့ ပြောပါတယ်။

ဖားကန့် မော်ဝမ်းလေးနဲ့ မော်ဝမ်းကြီးကျေးရွာဘက်မှာလည်း မနေ့က တိုက်ပွဲဖြစ်ပွားခဲ့ပြီးတော့ စစ်ကောင်စီက ဗျူဟာကုန်းကနေ လက်နက်ကြီးပစ်ကူတာကြောင့် ကျေးရွာတွေထဲ လက်နက်ကျည် ကျရောက်ပေါက်ကွဲပြီး ထိခိုက်ပျက်စီးတာတွေရှိခဲ့တယ်လို့ ထုတ်လွင့်ချက်မှာ ပြောဆိုထားပါတယ်။

အခုလို အင်းတော်ကြီးဒေသအတွင်း တိုက်ပွဲဖြစ်ပွားနေတာကြောင့် အင်းတော်ကြီး -ဝှေခါလမ်းလည်း ပိတ်ဆို့မှုတွေ ရှိနေသလို ကားအတက်အဆင်းတွေလည်းမရှိဘူးလို့ နီးစပ်ရာ ဒေသခံတွေထံက သိရပါတယ်။

KIA ပူးပေါင်းတပ်တွေဟာ ပြီးခဲ့တဲ့နှစ် ဇွန်လကုန်ပိုင်းက အင်းတော်ကြီးဒေသမှာရှိတဲ့ ညောင်ပင်၊ ချောင်းဝနဲ့ ဝှေလုံကျေးရွာတွေကို တိုက်ခိုက်သိမ်းပိုက်ခဲ့တာဖြစ်ပြီး အဲဒီကတည်းက ရှမ်းနီSNA တပ်တွေလည်း နန့်မွန်းမြို့မှာ တပ်စွဲဝင်ရောက်နေထိုင်ပြီး ဒေသခံတွေ ထွက်ပြေးတိမ်းရှောင် ခဲ့ရတာဖြစ်ပါတယ်။

 

LEAVE A REPLY

Please enter your comment!
Please enter your name here