မံစီမြို့အတွင်းက စစ်ကောင်စီတပ်စခန်းအားလုံးကို အပြီးသတ်သိမ်းပိုက်လိုက်ကြောင်း ဗိုလ်မှူးကြီးနော်ဘူ အတည်ပြု

169

ဇန်နဝါရီ၊၈

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မံစီမြို့အတွင်းက စစ်ကောင်စီတပ်စခန်းအားလုံးကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)ကနေ ဒီကနေ့ ၁၁ နာရီဝန်းကျင်လောက်မှာ အပြီးသတ်သိမ်းပိုက်နိုင်ပြီလို့ ကချင်လွတ်လပ်ရေးအဖွဲ့အစည်း(KIO/KIA) သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူက အတည်ပြုပြောပါတယ်။

မံစီမြို့ အခြေစိုက် ခမရ ၃၁၉၊ ၆၀၁၊ ၃၅၂(အမြောက်တပ်ရင်း) သုံးခုကို ဒီကနေ့မှာ အပြီးသတ် သိမ်းပိုက်နိုင်ပြီလို့ ဗိုလ်မှူးကြီးနော်ဘူက မြစ်ကြီးနားသတင်းဂျာနယ်ကို အခုလို ပြောပါတယ်။

မံစီက ခမရ ၃၁၉၊ ၆၀၁၊ ပြီးတော့ အမြောက်တပ် ၃၅၂တွေကို ခုနက ၁၁ နာရီဝန်းကျင်မှာ အပြီးသတ် သိမ်းနိုင်ပြီ။ အတည်ပြု ဖြစ်ပါပြီလို့ ပြောပါတယ်။

မံစီမြို့တွင်းမှာ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် မေလဆန်းက စစ်ကောင်စီနဲ့ ကချင်လွတ်လပ်ရေးတပ်မတော် (KIA )ပူးပေါင်းတပ်တို့ တိုက်ပွဲပြင်းထန်ဖြစ်ပွားလာခဲ့အတွက် အရပ်သားနေအိမ်ထိခိုက်ပျက်စီးမှုတွေ များပြားခဲ့ပြီး မံစီမြို့နေ ဒေသခံ အများအပြားဟာလည်း နီးစပ်ရာကို တိမ်းရှောင်ခဲ့ကြပါတယ်။

အဲဒီနောက်ပိုင်း မံစီမြို့ကို KIA ဘက်က ထိန်းချုပ်ထားနိုင်ပေမဲ့ မံစီနဲ့ သုံးမိုင်ဝန်းကျင်ဝေးတဲ့ မြို့ပြင်ဘက်မှာတော့ စစ်ကောင်စီရဲ့ ခမရ ၃၁၉ နဲ့ ၆၀၁ တပ်တို့ ကျန်ရှိနေရာကနေ ဒီကနေ့မှာတော့ KIAကနေ မံစီမြို့က ကျန်ရှိနေတဲ့စစ်ကောင်စီတပ်စခန်းတွေအားလုံးကို အပြီးသတ် သိမ်းပိုက်နိုင်ခဲ့ပြီလည်း ဖြစ်ပါတယ်။

လက်ရှိအချိန်မှာတော့ ကချင်ပြည်နယ်ရဲ့ ဒုတိယမြို့တော်ဖြစ်တဲ့ ဗန်းမော်မြို့မှာ တိုက်ပွဲတွေဖြစ်ပွားနေတာလည်း တစ်လကျော်လာပြီဖြစ်ပါတယ်။

 

LEAVE A REPLY

Please enter your comment!
Please enter your name here