KIA တပ်သားတွေ နေရာချထားခြင်းမရှိတဲ့ နေရာတွေမှာ လေကြောင်းတိုက်ခိုက်တာဟာ ဥပဒေမဲ့လုပ်ရပ်ဖြစ်ပြီး တော်လှန်ရေးအဖွဲ့နဲ့ ပြည်သူလူထုကြား ယုံကြည်မှုပျက်ပြားအောင် လုပ်ဆောင်ခြင်းဖြစ်ဟု ဗိုလ်မှူးကြီးနော်ဘူပြော

179

 

ဩဂုတ်၊၈

ကချင်လွတ်လပ်ရေးတပ်မတော်(KIA)တပ်သားတွေ နေရာယူ၊ နေရာချထားခြင်းမရှိတဲ့ နေရာတွေမှာ စစ်ကောင်စီတပ်ကနေ လေကြောင်းအသုံးပြု တိုက်ခိုက်တာဟာ ဥပဒေမဲ့လုပ်ရပ်ဖြစ်ပြီး တော်လှန်ရေးအဖွဲ့နဲ့ ပြည်သူလူထုကြား ယုံကြည်မှုပျက်ပြားအောင် လုပ်ဆောင်ခြင်းဖြစ်တယ်လို့ ကချင်လွတ်လပ်ရေးအဖွဲ့အစည်း(KIO/KIA)ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။

ကချင်လွတ်လပ်ရေးအဖွဲ့အစည်း (KIO)ဌာနချုပ်အနီး မိုင်ဆပ်ပါကျေးရွာက ကချင်နှစ်ခြင်းခရစ်ယာန်အသင်းတော် ဘုရားကျောင်းဝင်းအနီးကို စစ်ကောင်စီတပ်ကနေ ဒီကနေ့ မနက်ပိုင်း (ဩဂုတ်လ ၇ ရက်နေ့ည) ၁၂ နာရီခွဲ အချိန်လောက်မှာ Y12 လေယာဉ်အမျိုးအစားနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

အဲဒီတိုက်ခိုက်မှုအတွင်း အရပ်သားပြည်သူရဲ့ နေအိမ်ထိခိုက်မှုရှိခဲ့တဲ့အပြင် မိုင်ဆပ်ပါ ဒေသခံ ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦး ခြေထောက်မှာ ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။

တစ်ဆက်တည်းမှာပဲ မနေ့ညက မြို့သစ်ကုန်းလော ကျေးရွာဘက်မှာလည်း လေကြောင်းတိုက်ခိုက်မှုရှိတယ်လို့ ကြားသိရပြီး အသေးစိတ်အခြေအနေကိုတော့ မသိရှိရသေးဘူးလို့ ဗိုလ်မှူးကြီးနော်ဘူက မြစ်ကြီးနားသတင်းဂျာနယ်ကို အခုလိုပြောပါတယ်။

လေယာဉ်နဲ့ ဗုံးလာကြဲတယ်ဆိုတာ မှန်ပါတယ်။ နှစ်ခြင်းဘုရားကျောင်းဝင်းနဲ့ အနီးက အရပ်သားပြည်သူရဲ့ နေအိမ် ထိတာရှိတယ်။ အဲဒီမှာ ကိုယ်ဝန်ဆောင် အမျိုးသမီးတစ်ဦး ခြေထောက်မှာ ထိခိုက်တာ ရှိတယ်။ မြို့သစ်ကုန်းလော၊ နွမ်လန့်ဘက်လည်း လာချတယ်ပြောတယ်။ အဲဒီဘက်လည်း ပြည်သူတွေ ထိခိုက်မှု ရှိတယ်လို့ ကြားပါတယ်။ အသေးစိတ်အခြေအနေတော့ မသိရှိရသေးဘူး“လို့ ပြောပါတယ်။

အခုလို တိုက်ပွဲဖြစ်ပွားခြင်းမရှိတဲ့ နေရာတွေမှာ စစ်ကောင်စီတပ်ကနေ လေကြောင်းတိုက်ခိုက်မှု လုပ်တာဟာ ဥပဒေမဲ့ နည်းလမ်းဖြစ်တဲ့အပြင် ပြည်သူလူထုကို ထိခိုက်သေဆုံးစေလိုတဲ့ ရည်ရွယ်ချက်နဲ့ လုပ်ဆောင်ခြင်းသာ ဖြစ်တယ်လို့လည်း ဗိုလ်မှူးကြီးနော်ဘူက ဆက်လက်ပြောပါတယ်။

တိုက်ပွဲလည်း မရှိဘူး။ မိုင်ဆပ်ပါဘက် KIA တပ်သားတွေ နေရာယူ၊ နေရာချထားတာလည်း မရှိဘူး။ ဘုရားကျောင်းဝင်းတွေပဲ။ အဲဒီဘက် ပစ်တယ်။ ဒါက ဥပဒေမဲ့ နည်းလမ်း ဖြစ်တယ်။ ဘုရားကျောင်းတွေ၊ စာသင်ကျောင်းတွေ၊ ဈေးတွေဘက် ပစ်တယ်။ ပြည်သူအများအပြား သေဆုံးထိခိုက်စေဖို့ ရည်ရွယ်ပြီး ပစ်ခတ်တာ သက်သက်ပဲ။ တော်လှန်ရေးအဖွဲ့နဲ့ ပြည်သူလူထုကြား စိတ်နာပြီး ယုံကြည်မှု ပျက်ပြားအောင် အဆက်အသွယ်မရှိအောင် သက်သက်မဲ့ လုပ်တယ်လို့ မြင်ရတယ်လို့ ပြောပါတယ်။

ဒါ့အပြင် လက်ရှိအချိန်မှာ ပြည်သူလူထုတွေအနေနဲ့ လူစုလူဝေး ပြုလုပ်တာတွေ ရှောင်ကြဉ်ဖို့နဲ့ တိုက်ပွဲဖြစ်ပွားခြင်း မရှိပေမဲ့ အမြဲသတိထားရမယ်လို့လည်း ဗိုလ်မှူးကြီးနော်ဘူက သတိပေးပြောဆိုပါတယ်။

မနေ့က စစ်ကောင်စီတပ်ကနေ လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ချိန်အတွင်း တရုတ်ပြည်ဘက်အခြမ်းကလည်း ဂျက်ဖိုက်တာတစ်စင်းနဲ့ ပျံဝဲပြီး လုံခြုံရေး ယူထားတဲ့ အခြေအနေ မြင်တွေ့ရတယ်လို့ လိုင်ဇာဒေသခံပြည်သူတစ်ဦးကလည်း အခုလို ပြောပါတယ်။

ဂျက်ဖိုက်တာက တရုတ်ဘက်ခြမ်း မြည်တာ။ နယ်စပ်အနီးတွေမှာ ပျံဝဲနေတာ။ အဲဒါလည်း ၁၂ နာရီကျော်လောက်ကပဲ။ စစ်ကောင်စီဘက်ကလည်း Y12 နဲ့ မိုင်ဆပ်ပါဘက် တစ်ခေါက်လာပစ်သွားတယ်လို့ ပြောပါတယ်။

ပြီးခဲ့တဲ့၂၀၂၃ခုနှစ် ဇူလိုင်လ ၅ ရက်နေ့ကလည်း လိုင်ဇာမြို့အနီးက နမ်ဆန်ယန်ကျေးရွာဘက်မှာ မြေပြင်ထိတွေ့တိုက်ပွဲမရှိပေမဲ့ စစ်ကောင်တပ်ဘက်ကနေ နမ်ဆန်ယန် ပတ်ဝန်းကျင်နဲ့ မိုင်ဆပ်ပါဘက် လက်နက်ကြီးတွေနဲ့ ပစ်တာတွေတော့ ရှိခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ၂၀၂၃ ခုနှစ် ဇူလိုင်လ ၉ ရက်နေ့မှာလည်း နမ်ဆန်ယန်ကျေးရွာအတွင်း စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် စာသင်ကျောင်းနဲ့ အရပ်သားနေအိမ်အချို့ ထိခိုက်ပျက်စီးသွားပြီး အိမ်မွေးတိရိစ္ဆာန်အချို့ ထိခိုက်သေဆုံးမှု ရှိခဲ့ပါတယ်။

ကချင်လွတ်လပ်ရေးတပ်မတော်(KIA) တပ်မဟာ ၉ ၊ တပ်ရင်း ၆ နယ်မြေ၊ အနန်ပါဒေသဘက် ၂၀၂၂ ခုနှစ် အောက်တိုဘာလ၂၅ ရက်နေ့မှာ ကျရောက်မယ့် ၆၂ နှစ်ပြည့် KIO နှစ်ပတ်လည်နေ့ကို ကျင်းပဖို့ ပြင်ဆင်နေကြချိန် အောက်တိုဘာလ ၂၃ ရက်နေ့က အကြိုပွဲကျင်းပနေတဲ့ လူအုပ်ထဲကို စစ်ကောင်စီကနေ လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက် KIA တပ်သားတွေအပြင် ကချင်အနုပညာရှင်တွေနဲ့ အရပ်သားပြည်သူ ၆၂ ဦး သေဆုံးခဲ့ရပြီး ဒဏ်ရာရရှိသူ ၆၀ကျော်အထိ ရှိခဲ့ပါတယ်။

လက်ရှိအချိန် ကချင်ပြည်နယ်အတွင်းမှာတော့ ဖုန်းနဲ့အင်တာနက်လိုင်းတွေ ပြတ်တောက်ပြီး မိုးမောက်မြို့ဘက်က စစ်ကောင်စီရဲ့ ၄၃၇ တပ်စခန်းအနီးမှာ တိုက်ပွဲတွေဖြစ်ပွားနေတာပါ။

အဲဒီတိုက်ပွဲအတွင်းမှာလည်း စစ်ကောင်စီက စခန်းမစွန့်လွှတ်ရေး မြေပြင် လက်နက်ကြီးပစ်ကူတာအပြင် လေကြောင်းနဲ့ပါ အပြင်းအထန် ခုခံနေတာလည်း ဖြစ်ပါတယ်။

 

LEAVE A REPLY

Please enter your comment!
Please enter your name here