စစ်ကောင်စီမှ နမ်ဆန်ယန်ကျေးရွာဘက် စစ်ကြောင်းများ ဆက်တိုက်ထိုးနေခြင်းကြောင့် စစ်ရေးတင်းမာနေဆဲဟု ဗိုလ်မှူးကြီးနော်ဘူပြော

804

ဇူလိုင်၊၁၂

ဝိုင်းမော်-လိုင်ဇာမြို့ လမ်းပေါ်မှာရှိတဲ့ နမ်ဆန်ယန်ကျေးရွာဘက်ကို စစ်ကောင်စီကနေ စစ်ကြောင်းထိုးတာတွေ ဆက်တိုက်ပြုလုပ်နေပြီး နှစ်ဖက်တပ် စစ်ရေးတင်းမာနေဆဲ ဖြစ်တဲ့အတွက် တိုက်ပွဲ အခြေအနေ စိုးရိမ်နေရဆဲ ဖြစ်တယ်လို့ KIO/KIAပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။

ဇွန်လ ၂၆ ရက်နေ့ကနေစပြီး ဝိုင်းမော်- ကန်ပိုင်တီလမ်းပိုင်းတစ်လျှောက် စစ်ကောင်စီတပ်ဖွဲ့နဲ့ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) တို့အကြား တိုက်ပွဲတွေ ဆက်တိုက်ဆိုသလိုဖြစ်ပွားနေတဲ့အပြင် KIO ဌာနချုပ် အနီးမှာရှိတဲ့ နမ်ဆန်ယန်ကျေးရွာဘက်မှာလည်း ဇူလိုင်လ ၃ ရက်နေ့ကနေ စပြီး လက်ရှိအချိန်အထိ စစ်ကောင်စီကနေ စစ်ကြောင်းထိုးနေဆဲလည်း ဖြစ်ပါတယ်။

နမ်ဆန်ယန် ကျေးရွာဘက်ကို ဗန်းမော်မြို့ကနေ စစ်ကြောင်းထိုးတက်လာတဲ့ စစ်ကောင်စီတပ်တွေကနေ မဒီးယန်နဲ့ အောင်ဂျာကျေးရွာဘက် ဝင်ရောက်လာတာတွေ ရှိတဲ့အပြင် မြစ်ကြီးနားမြို့ဘက်ကပါ စစ်ကူဝင်ရောက်တာတွေ ရှိနေတယ်လို့ ကြားသိရတဲ့အတွက် နှစ်ဖက်တပ် စစ်ရေးအခြေအနေ တင်းမာနေဆဲ ဖြစ်တယ်လို့ ဗိုလ်မှူးကြီးနော်ဘူက မြစ်ကြီးနားသတင်းဂျာနယ်ကို အခုလို ပြောပါတယ်။

“သူတို့ ဘယ်ကို ရောက်နေလဲဆိုတာတော့ အတိအကျ မသိရသေးဘူး။ ထိတွေ့တိုက်ပွဲ ဖြစ်တာတော့ မရှိသေးပေမဲ့ လက်နက်ကြီးတွေနဲ့ ခဏခဏ အပြန်အလှန် ပစ်ကြတာတော့ရှိတယ်”လို့ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။

လက်ရှိ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေဟာ စစ်ကောင်စီဘက်က စစ်ကြောင်းထိုး ဝင်ရောက်လာမှုကြောင့် KIA ဘက်က ခုခံတဲ့ တိုက်ပွဲဖြစ်တယ်လို့ ဗိုလ်မှူးကြီးနော်ဘူက ဆိုပါတယ်။

လက်ရှိ စစ်ကောင်စီဘက်က စစ်ကြောင်းထိုးတာတွေ ဆက်ရှိနေသေးတဲ့အတွက် နှစ်ဖက်တပ် စစ်ရေးတင်းမာနေတယ်လို့ ဗိုလ်မှူးကြီးနော်ဘူက ဆက်လက်ပြောပါတယ်။

ဇူလိုင်လ ၅ ရက်နေ့မှာလည်း နမ်ဆန်ယန်ကျေးရွာဘက်မှာ နှစ်ဖက်တပ် မြေပြင်ထိတွေ့တိုက်ပွဲမရှိပေမဲ့ စစ်ကောင်စီကနေ နမ်ဆန်ယန်ကျေးရွာ ပတ်ဝန်းကျင်နဲ့ KIO ထိန်းချုပ်နယ်မြေထဲက မိုင်ဆပ်ပါကျေးရွာဘက်ကို လက်နက်ကြီးပစ်ခတ်တာတွေ ရှိခဲ့တယ်လို့ ဗိုလ်မှူးကြီးနော်ဘူရဲ့ ပြောပြချက်အရသိရပါတယ်။

လိုင်ဇာခရိုင်အတွင်း စစ်ကောင်စီတပ်ကနေ စစ်ရေးလှုပ်ရှားမှုတွေ ဆက်တိုက် ပြုလုပ်နေတဲ့အတွက် ပြည်သူတွေအနေနဲ့ သတိထားသွားလာဖို့ကို လိုင်ဇာခရိုင် KIO အုပ်ချုပ်ရေးရုံးကလည်း ဇူလိုင်လ ၄ ရက်နေ့ ရက်စွဲနဲ့ စာထုတ်ပြန်ထားပါတယ်။

ဇူလိုင်လ ၃ ရက်နေ့ကနေ နှစ်ဖက်တပ်တိုက်ပွဲ ပြန်လည်ဖြစ်ပွားလာတဲ့အတွက် ၂၀၁၈ ခုနှစ်က နေရပ်ပြန်ခဲ့ကြတဲ့ နမ်ဆန်ယန်ဒေသခံတွေဟာ နီးစပ်ရာ လုံခြုံတဲ့ နေရာတွေမှာ ပြန်လည်ပြီး စစ်ဘေးတိမ်းရှောင်နေရပါတယ်။

ဓါတ်ပုံ− ၂၀၁၈ ခုနှစ်က နမ်ဆမ်ယန်ကျေးရွာအနီးတွင် တွေ့ရှိရသည့် စစ်ကောင်စီတပ်သားများ

 

LEAVE A REPLY

Please enter your comment!
Please enter your name here