ဇူလိုင်၊၆
စစ်ကောင်စီဘက်က စစ်ကြောင်းထိုးတာနဲ့ တပ်ဆုတ်တာမရှိခဲ့ရင် တိုက်ပွဲတွေ ပြင်းထန်လာနိုင်ပြီး အချိန်ကြာမြင့်လာနိုင်တယ်လို့ ကချင်လွတ်လပ်ရေးအဖွဲ့အစည်း (KIO/KIA) သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောဆိုလိုက်ပါတယ်။
ဒါ့ကြောင့် ပြည်သူတွေအနေနဲ့ သတိထားသွားလာဖို့နဲ့ ရိက္ခာတွေ ကြိုတင်ပြင်ဆင်ထားဖို့လည်း ပြောလိုတယ်လို့ ဗိုလ်မှူးနော်ဘူက ပြောပါတယ်။
“တိုက်ပွဲတွေက ဆက်ဖြစ်လာနိုင်ဖွယ်ရှိတယ်။ စစ်တပ်က နောက်ဆုတ်တာ၊ စစ်ကြောင်းတွေ ရုတ်သိမ်းတာ မရှိရင် တိုက်ပွဲကပြင်းထန်လာမယ်။ အချိန်ကြာမြင့်လာမယ်။ ပြည်သူတွေအနေနဲ့လည်း သတိထားသွားလာဖို့နဲ့ ရိက္ခတွေ ဆန်၊ ဆားတွေကို ကြိုတင်ပြင်ဆင်ထားရမယ်”လို့ ဗိုလ်မှူးကြီးနော်ဘူက ဆိုပါတယ်။
ဇွန်လ ၂၆ ရက်နေ့ကနေစပြီး ဝိုင်းမော်- ကန်ပိုင်တီလမ်းပိုင်းတစ်လျှောက် စစ်ကောင်စီတပ်ဖွဲ့နဲ့ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) တို့အကြား တိုက်ပွဲတွေ ဆက်တိုက်ဖြစ်ပွားနေတဲ့အပြင် KIO ဌာနချုပ် အနီးမှာရှိတဲ့ နမ်ဆန်ယန်ကျေးရွာဘက်မှာလည်း ဇူလိုင်လ ၃ ရက်နေ့ကနေ စပြီး လက်ရှိအချိန်အထိ စစ်ကောင်စီကနေ စစ်ကြောင်းထိုးနေတာကြောင့် တိုက်ပွဲတွေ ဖြစ်ပွားနေတာပါ။
လက်ရှိ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေဟာ စစ်ကောင်စီဘက်က စစ်ကြောင်းထိုး ဝင်ရောက်လာမှုကြောင့် KIA ဘက်က ခုခံတဲ့တိုက်ပွဲဖြစ်တယ်လို့ ဗိုလ်မှူးကြီးနော်ဘူက မြစ်ကြီးနားသတင်းဂျာနယ်ကို အခုလို ဆက်လက်ပြောပါတယ်။
“တိုက်ပွဲက စစ်ကောင်စီဘက်ကနေစပြီး ဝင်ရောက် တိုက်ခိုက်လာတဲ့အတွက် ဖြစ်လာတဲ့ တိုက်ပွဲ ဟုတ်တယ်။ သူတို့စလိုက်တဲ့ တိုက်ပွဲဟုတ်တယ်။ ကျွန်တော်တို့ KIAဘက်က စလိုက်တဲ့ တိုက်ပွဲတော့ မဟုတ်ဘူး”လို့ ဗိုလ်မှူးကြီးနော်ဘူက ဆိုပါတယ်။
ယမန်နေ့ ဇူလိုင်လ ၅ ရက်နေ့ကတော့ နမ်ဆန်ယန်ကျေးရွာဘက် နှစ်ဖက်တပ် မြေပြင်ထိတွေ့တိုက်ပွဲ မရှိပေမဲ့ စစ်ကောင်စီကနေ နမ်ဆန်ယန် ပတ်ဝန်းကျင်နဲ့ KIO ထိန်းချုပ်နယ်မြေထဲက မိုင်ဆပ်ပါကျေးရွာဘက်ကို လက်နက်ကြီးပစ်ခတ်တာတွေ ရှိခဲ့တယ်လို့လည်း ဗိုလ်မှူးကြီးနော်ဘူရဲ့ ပြောပြချက်အရသိရပါတယ်။
ဒါ့အပြင် လက်ရှိ ဝိုင်းမော်နဲ့ ဗန်းမော်မြို့ဘက်က စစ်ကောင်စီတပ်သားတွေ နမ်ဆန်ယန်နဲ့ ဆဒုံးဒေသဘက်ကို စစ်ကြောင်းတွေ ဆက်တိုက်ထိုးနေပြီး မနေ့ကလည်း ဗန်းမော်ဘက်က အင်အား ၁၀၀ လောက်ရှိတဲ့ စစ်ကောင်စီစစ်ကြောင်းဟာ နမ်ဆန်ယန်ဘက်ကို စစ်ကြောင်းထိုးဖို့ တက်သွားကြတယ်လို့ ဗန်းမော်ဒေသခံတစ်ဦးက ပြောပါတယ်။
လိုင်ဇာခရိုင်အတွင်း စစ်ကောင်စီတပ်ကနေ စစ်ရေးလှုပ်ရှားမှုတွေ ဆက်တိုက် ပြုလုပ်နေတဲ့အတွက် ပြည်သူတွေအနေနဲ့ သတိထားသွားလာဖို့ လိုင်ဇာခရိုင် KIO အုပ်ချုပ်ရေးရုံးကလည်း ဇူလိုင်လ ၄ ရက်နေ့ ရက်စွဲနဲ့ စာထုတ်ပြန်ထားပါတယ်။
ဇူလိုင်လ ၃ ရက်နေ့ကနေ နှစ်ဖက်တပ်တိုက်ပွဲ ပြန်လည်ဖြစ်ပွားလာတဲ့အတွက် ၂၀၁၈ ခုနှစ်က နေရပ်ပြန်ခဲ့ကြတဲ့ နမ်ဆန်ယန်ဒေသခံတွေဟာ နီးစပ်ရာ လုံခြုံတဲ့နေရာတွေမှာ ပြန်လည်ပြီး စစ်ဘေးတိမ်းရှောင်နေရပါတယ်။







