Covid-19 ကြောင့် အခက်အခဲနဲ့ ကြုံတွေ့ရသည့် တနိုင်းဒေသက ပြည်သူများကို အခြေခံစားသောက်ကုန် နှင့် ကျန်းမာရေး ပစ္စည်းများ သွားရောက်လှူဒါန်း

769

ဇူလိုင် ၁၄

COVID-19 Concern & Response Commitee – kachin က တနိုင်းဒေသတွင် Covid-19 ကြောင့် အခက်အခဲနှင့်ရင်ဆိုင် ကြုံတွေ့နေရသည့် ပြည်သူများကို ဇူလိုင်လ(၈)ရက်နေ့က အခြေခံ စားသောက်ကုန်များ သွားရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။

အခြေခံ စားသောက်ကုန်နှင့် Covid-19 ရောဂါကာကွယ်ရေး ပစ္စည်းများဖြစ်သော ဆန်၊ နှာခေါင်းစည်း၊ အဖျားတိုင်းစက်၊ PPE ဝတ်စုံ၊ လက်သန့်စင်ရည်၊ လက်ဆေးဆပ်ပြာ၊ လက်ဆေးကန်နဲ့ လက်အိတ် စသည့် ပစ္စည်းများကို လှူဒါန်းခဲ့ခြင်း ဖြစ်သည်။

ထို့အပြင် တနိုင်းဒေသတွင်ရှိသည့် Covid-19 ကော်မတီနှင့်လည်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပြန့်ပွားမှုကို ကာကွယ်ထိန်းချုပ်နိုင်မည့် လုပ်ငန်းဆောင်တာများ၊ ရှေ့ဆက်လက်တွဲ လုပ်ဆောင်သွားမည့် လုပ်ငန်း များကို တွေ့ဆုံဆွေးနွေးခဲ့ကြကြောင်း covid-19 concern & response commitee-kachin က ပြောရေးဆိုခွင့်ရှိသူ ဦးတန်ဂွန်းက ပြောသည်။

“တနိုင်းဒေသဆိုတာက အဓိကတော့ အိန္ဒိယနဲ့ထိစပ်သွားတဲ့ ဒေသတွေပေါ့။ နောက်ပြီးမှ တခြားဒေသက လူတွေလည်း ဆုံတဲ့နေရာဖြစ်တယ်။ ဒီလိုမျိုးနေရာဒေသမှာ Covid-19 ရောဂါ ကူးစက်ပြန့်ပွားမှု ကြိုတင်ကာကွယ်ရေးအတွက် ဒေသကော်မတီနဲ့ လက်တွဲ လုပ်ဆောင်သွားဖို့ရှိပါတယ်”ဟု ဦးတန်ဂွန်းက ဆိုသည်။

တနိုင်းဒေသက ပြည်သူများသည် ယခင်ကရွှေမှော်၊ ပယင်းမှော်များရှိသည့်အတွက် ဝမ်းရေးအတွက် စိုးရိမ်စရာမလိုသော အနေအထားတွင် ရှိခဲ့ပြီး လက်ရှိအချိန်တွင် မှော်ဒေသများ တိုက်ပွဲဖြစ်ပွားခဲ့ခြင်းကြောင့် စစ်ရှောင်ခဲ့ရသည့်အပြင် ကိုရိုနာဗိုင်းရပ်စ်ကြောင့်လည်း စားဝတ်နေရေး အတွက် အကျပ်အတည်း ရှိနေသည်ဟု ဦးတန်ဂွန်းက သုံးသပ်ပြောဆိုသည်။

လက်ရှိအချိန်တွင် ပြည်သူများအနေဖြင့် ယခင် Covid-19 ရောဂါဖြစ်ပွားခင်ကအတိုင်း သွားလာ လှုပ်ရှားနေသည်ကို မြင်တွေ့နေရပြီး ကိုရိုနာဗိုင်းရပ်စ်ကူးစက်ပြန့်ပွားမှုကို ကြိုတင်ကာကွယ်သည့် လုပ်ငန်းအတွက် သတိရှိစွာ နေထိုင်သွားလာကြရန် လိုအပ်ကြောင်း ဦးတန်ဂွန်းက တိုက်တွန်းပြောဆိုသည်။

“ဘာပဲဖြစ်ဖြစ် အမြဲတမ်း ကြိုတင်ကာကွယ်တဲ့လုပ်ငန်းကို သတိရှိရှိနဲ့ ကာကွယ်သွားဖို့က အဓိကကျလိမ့်မယ်လို့ တိုက်တွန်းချင်ပါတယ်”ဟု ၎င်းက ပြောသည်။

COVID-19 Concern & Response Commitee-Kachin အနေဖြင့် ပြီးခဲ့သည့်အပတ်ကလည်း ဆွမ်ပရာဘွမ်မြို့နယ်မှ ခက်ခဲသည့် ပြည်သူများကို သွားရောက်ကူညီမှုတွေ ပြုလုပ်ခဲ့ပြီး ရှေ့ဆက်၍လည်း အခက်ခဲဖြစ်နေသည့် နယ်စပ်ဒေသများမှ စစ်ရှောင်ပြည်သူများကို သွားရောက်လှူဒါန်းမှုများ လုပ်ဆောင်သွားရန် စီစဉ်နေကြောင်း သိရသည်။

မျိုးမြတ်မြတ်ပန်

LEAVE A REPLY

Please enter your comment!
Please enter your name here