ကချင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင်လွတ်မြောက်၊ ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးတွေအားလုံး လွတ်မြောက်ထားပြီး စီမံဘဏ္ဏာဝန်ကြီး ဦးဝေလင်းတစ်ဦးသာ မလွတ်မြောက်သေး

145

 

ဇန်နဝါရီ၊၄

အာဏာသိမ်းပြီးနောက် အဂတိလိုက်စားမှု ၄ မှုနဲ့ ထောင်ဒဏ် ၁၂ နှစ် ချမှတ်ခံထားရတဲ့ ကချင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင်ဟာ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ဒီကနေ့ လွတ်မြောက်လာပြီလို့ အကျဉ်းထောင်နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

ဒီကနေ့ ကျရောက်တဲ့ ၇၇ ကြိမ်မြောက် လွတ်လပ်ရေးနေ့ မှာ နိုင်ငံအဝှမ်း အကျဉ်းထောင်တွေထဲက အကျဉ်းသူ/သား ၅,၈၆၄ ဦးကို လွတ်ငြိမ်းချမ်းသာခွင့်ပေးလိုက်တဲ့အထဲ မြစ်ကြီးနားအကျဉ်းထောင်က ၅၃ ဦး( အမျိုးသမီး ၂ ဦးအပါ) လွတ်မြောက်ခဲ့ပြီး အဲဒီအထဲ ဒေါက်တာခက်အောင်လည်း ပါဝင်ခဲ့တာပါ။

မူးယစ်မှု၊ မုဒိမ်းမှု၊ လူသတ်မှု၊ မတရားအသင်းဆက်သွယ်(၁၇/၁)မှု၊ အကြမ်းဖက်မှု၊ ဓားပြမှု စတဲ့အမှုတွေကို ကျူးလွန်ထားသူတွေ မပါဝင်ဘဲ လွတ်ရက်နီးသူတွေကို သီးသန့်လွှတ်တဲ့ ပုံစံမျိုးဖြစ်ကြောင်းနဲ့ အဲဒီထဲမှာမှ ဒေါက်တာခက်အောင်က လွတ်ရက်မနီးပေမဲ့ လွတ်ငြိမ်းခွင့်ရခဲ့တာလို့ မြစ်ကြီးနားအကျဉ်းထောင်နဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။

ဒေါက်တာခက်အောင် ပါသွားတာကတော့ ထူးခြားမှုပဲ။ ဒေါက်တာခက်အောင်ကို လွှတ်ပေးတာကတော့ ပေါ်လစီအရ လွှတ်ပေးလိုက်တာပဲလို့ မြင်တယ်။ နိုင်ငံရေးအခြေအနေအရ လွှတ်ပေးလိုက်တယ်လို့ ယူဆတယ်။ လို့ သုံးသပ်ကြောင်း အထက်ပါနီးစပ်သူက မြစ်ကြီးနားသတင်းဂျာနယ်ကို ပြောပါတယ်။

ဒေါက်တာခက်အောင်ဟာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ အာဏာသိမ်းစဉ်ကတည်းက ဖမ်းဆီးခံရပြီးနောက် မြစ်ကြီးနားထောင်တွင်းကနေ တရားရင်ဆိုင်ခဲ့ရပြီး ၂၀၂၂ ခုနှစ်၊ ဧပြီလ (၂၂) ရက်နေ့မှာ ပြည်နယ်တရားလွှတ်တော်က အဂတိလိုက်စားမှုဥပဒေ ပုဒ်မ (၅၅) နဲ့ အမှုပေါင်း ၄ မှုအတွက် တစ်မှုလျှင် ထောင်ဒဏ် ၃ နှစ်စီနဲ့ စုစုပေါင်း ထောင်ဒဏ် ၁၂ နှစ်ချမှတ်ခံခဲ့ရတာ ဖြစ်ပါတယ်။

ပြည်နယ်ဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်စဉ် ကာလအတွင်း ‘နိုင်ငံတော်ရန်ပုံငွေကို အလွဲသုံးစား လုပ်ပြီး အသုံးပြုခြင်း” ဆိုတဲ့ ခေါင်းစဉ်အောက် အမှုအမှတ်စဉ် (၁) မှာ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်မှ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်က မြစ်ကြီးနားမြို့ ရပ်ကွက်အချို့မှာ ကတ္တရာလမ်းခင်းတာနဲ့ ကွန်ကရစ် တံတားဆောက်တာအတွက်၂၄၈ ဒဿမ ၅ သန်း(ကျပ်သိန်းပေါင်း ၂၄၀၀ ကျော်) ကို လုပ်ထုံးလုပ်နည်းနဲ့ မညီဘဲ လုပ်ကိုင်ခွင့်ပေးခဲ့တာကြောင့် နိုင်ငံတော်၏ ပစ္စည်းနှင့် ပိုင်ဆိုင်မှုကို ထိခိုက်နစ်နာဆုံးရှုံးတယ်လို့ဆိုပြီး တရားစွဲကာ တင်ဒါစည်းမျဉ်းစည်းကမ်းကိုလည်း လိုက်နာမှုမရှိတာကြောင့်ဆိုပြီးလည်း ဝန်ကြီးချုပ်နဲ့ ဘဏ္ဍာ၊ အခွန် စီမံကိန်းနှင့် စီးပွားရေး ဝန်ကြီး ဦးဝေလင်းတို့ကို တစ်ဦးလျှင် ထောင်ဒဏ် (၃) နှစ်စီ ချမှတ်လိုက်တာဖြစ်ပါတယ်။

အမှုအမှတ်စဉ် (၂) ကချင်ပြည်နယ် အစိုးရအဖွဲ့ရဲ့ ဧည့်ဂေဟာရုံး တည်ဆောက်ရာမှာ ၂၀၁၈-၁၉ ဘဏ္ဍာရေးနှစ်မှာ သုံးစွဲခွင့် မရှိတဲ့ ငွေကျပ် ၁၄၉ ၂ ဒဿမ ၄၀၀ သန်းကို အသုံးပြုတာဟာ နိုင်ငံ၏ ငွေကြေးကို ထိခိုက်နစ်နာ ဆုံးရှုံးစေတယ်လို့ဆိုကာ တရားစွဲဆိုခဲ့ပြီး ဝန်ကြီးချုပ်နဲ့ ဘဏ္ဍာ၊ အခွန်၊ စီမံကိန်းနှင့် စီးပွားရေး ဝန်ကြီး ဦးဝေလင်းကို နောက်ထပ် ထောင်ဒဏ် (၃) နှစ်စီ ချမှတ်ခဲ့ပါတယ်။

အမှုအမှတ်စဉ် (၃) ၂၀၂၀ ခုနှစ်က ချီဖွေ၊ ကန့်ဖန်းဘက်က ဖမ်းဆီးထားတဲ့ တရားမဝင် သလင်းကျောက်တွေကို သတ္တုတွင်းက သတ်မှတ်ထားတဲ့ ဈေးနှုန်း တစ်တန်ကို ၆၀,၀၀၀ နှုန်းနဲ့ မရောင်းချဘဲ တစ်တန်ကို ၃၆,၀၀၀ နှုန်းနဲ့သာ ရောင်းချလိုက်တဲ့အတွက် ငွေကျပ် သန်း ၂၀၀ ကျော် နိုင်ငံတော်ဘဏ္ဍာ နစ်နာတယ်လို့ဆိုကာ ဝန်ကြီးချုပ်နဲ့အတူ ဘဏ္ဍာ၊ အခွန်၊ စီမံကိန်းနှင့် စီးပွားရေး ဝန်ကြီး ဦးဝေလင်းနဲ့ သယံဇာတဝန်ကြီး ဦးဒါရှီးလဆိုင်းကိုလည်း တရားစွဲဆိုပြီး ထောင်ဒဏ် ၃ နှစ်စီ ချမှတ်ခဲ့ပါတယ်။

အမှုအမှတ်စဉ် (၄) မှာ ၂၀၁၇-၂၀၁၈ ခုနှစ် ဘဏ္ဍာန်ရေးနှစ် မြစ်ကြီးနား – ဗန်းမော်လမ်း ၂၃ မိုင် ကတ္တရာလမ်းခင်းချိန်မှာ Power Five Star ကုမ္ပဏီကို ၁၁၀၀၇ ဒဿမ ၀၀၉ သန်းနဲ့ ဆောင်ရွက်စေတာဟာ နိုင်ငံတော်ရဲ့ ငွေကြေးကို နစ်နာဆုံးရှုံးစေခဲ့တယ်ဆိုကာ ဝန်ကြီးချုပ်နဲ့အတူ ဘဏ္ဍာ၊ အခွန်၊ စီမံကိန်းနှင့် စီးပွားရေး ဝန်ကြီး ဦးဝေလင်းနဲ့ လမ်းပန်းဆက်သွယ်ရေး လျှပ်စစ်နှင့် စက်မှုလက်မှုဝန်ကြီး ဦးဝင်းညွန့်တို့ကို တရားစွဲဆိုကာ တစ်ဦးကို ထောင်ဒဏ် ၃ နှစ်စီ အသီးသီး အမိန့်ချမှတ်ခဲ့တာဖြစ်ပါတယ်။

အဂတိလိုက်စားမှု ဥပဒေပုဒ်မ ၅၅ အရ အမှု (၄) မှုနဲ့ ကချင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင်ဟာ တရားစွဲဆိုခံရပြီး အမှုတစ်မှုချင်းစီအတွက် ထောင်ဒဏ် (၃) နှစ်စီနဲ့ စုစုပေါင်းထောင်ဒဏ် ၁၂ နှစ်ချမှတ်ခံခဲ့ရတာပါ။

ဝန်ကြီးချုပ်ဒေါက်တာခက်အောင်နဲ့အတူ ကျန်ပြည်နယ်ဝန်ကြီးတွေလည်း ထောင်ဒဏ်အသီးသီး ချမှတ်ခံခဲ့ရပြီး လူမှုရေးဝန်ကြီး ဦးနေဝင်း၊ စည်ပင်ဝန်ကြီးဦးနော်လီ၊ လမ်းပန်းဆက်သွယ်ရေး လျှပ်စစ်နှင့် စက်မှုလက်မှုဝန်ကြီး ဦးဝင်းညွန့်၊ သယံဇာတဝန်ကြီး ဦးဒါရှီးလဆိုင်းနဲ့ လဝကဝန်ကြီး ဦးဇော်ဝင်းတို့ကတော့ အရင်နှစ်တွေက လွတ်မြောက်ထားကြပြီဖြစ်ပါတယ်။

အခုချိန်မှာတော့ ဘဏ္ဍာအခွန်၊ စီမံကိန်းနှင့် စီးပွားရေးဝန်ကြီး ဦးဝေလင်း တစ်ဦးတည်းသာ ထောင်ဒဏ်ဆက်လက်ကျခံနေရတယ်လို့လည်း သိရပါတယ်။

 

LEAVE A REPLY

Please enter your comment!
Please enter your name here