ဒေါက်တာဇော်မြင့်မောင် ကင်ဆာရောဂါနဲ့ သေဆုံး၊ အကျဉ်းထောင်ထဲ ဆေးဝါးကုသမှု လုံလောက်စွာမရရှိခဲ့တာကြောင့် ကျဆုံးခဲ့ရတယ်” လို့ ခေါင်းစဉ်မတပ်လိုတာကြောင့် လွတ်ငြိမ်းခွင့်ပေးဟု PPNM ပြော

152

 

အောက်တိုဘာ၊၇

အကျဉ်းထောင်ထဲ ဆေးဝါးကုသမှု လုံလောက်စွာမရရှိခဲ့တာကြောင့် ကျဆုံးခဲ့ရတယ် လို့ ခေါင်းစဉ်မတပ်လိုတာကြောင့် စစ်ကောင်စီ လက်အောက်ခံ အကျဉ်းဦးစီးဌာနကနေ ဒေါက်တာဇော်မြင့်မောင်ကို အောက်တိုဘာလ ၆ ရက်နေ့မှ လွတ်ငြိမ်းပေးလိုက်တာဖြစ်တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM) က ပြောပါတယ်။

အဓိကကတော့ အကျဉ်းထောင်ထဲမှာ ဆေးဝါးကုသမှု လုံလောက်စွာမရရှိခဲ့လို့ သေဆုံးတယ်လို့ ထုတ်ပြန်မှာ၊ ထောင်ထဲမှာကျဆုံးခဲ့ရင် အဲဒီစကားလုံးသုံးမှာစိုးလို့ သူတို့တွေစေတနာကောင်းမွန်စွာနဲ့ လွတ်ပေးခဲ့တယ်။ အကျဉ်းထောင်ထဲမှာ သေဆုံးသွားတာ မဟုတ်ဘူးဆိုပြီး အကာကွယ်ယူချင်လို့ နောက်ဆုံးအချိန်ရောက်မှ လွတ်ငြိမ်းချမ်းသားခွင့်ဆိုတဲ့ အကြောင်းပြချက်တွေနဲ့ လုပ်ခဲ့တာ။ တကယ်တော့ထောင်ထဲမှာ ကျန်းမာရေးနဲ့ မလျော်ညီတဲ့နေရာတွေမှာ နေထိုင်ရတဲ့အတွက် အခုလိုမျိုး ကျဆုံးသွားခဲ့ရတာ ဖြစ်တယ်။ PPNM ရဲ့ ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက ဆိုပါတယ်။

မန္တလေးတိုင်းဝန်ကြီးချုပ်အဖြစ် တာဝန်ယူခဲ့ဖူးသူလည်းဖြစ်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ပါတီရဲ့ ဒုတိယဥက္ကဌဖြစ်တဲ့ ဒေါက်တာဇော်မြင့်မောင်ဟာ သွေးကင်ဆာရောဂါ ခံစားနေရတာဖြစ်ပြီး ဒီကနေ့ အောက်တိုဘာလ ၇ ရက်နေ့ မနက် ၃ နာရီလောက်မှာ သေဆုံးခဲ့တာဖြစ်ပါတယ်။

၂၀၂၁ ခုနှစ် အာဏာသိမ်းတဲ့အချိန် စစ်ကောင်စီက ဒေါက်တာဇော်မြင့်မောင်ကို ပုဒ်မအသီးသီးတပ်ပြီး ထောင်ဒဏ် ၂၉ နှစ် ချထားပြီးတော့ ၂၀၁၉ ခုနှစ်ထဲက သွေးကင်ဆာရောဂါ ခံစားနေရတာပါ။

ထောင်တွင်း ကျန်းမားရေးပိုမိုဆိုးရွားလာခဲ့ပြီး ပြီးခဲ့တဲ့ စက်တင်ဘာလရောက်မှာသာ မန္တလေးဆေးရုံကြီးမှာ တက်ရောက်ကုသခွင့်ရခဲ့သလို့ မဆုံးခင် ၂ ရက်အလိုလောက်မှ အထူးကြပ်မတ်ကုသဆောင်မှာ ကုသခွင့်ပေးခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

ဒေါက်တာဇော်မြင့်မောင် သေဆုံးချိန်မှာတော့ အသက် ၇၃ နှစ်အရွယ် ရှိပြီဖြစ်ပါတယ်။

၂၀၂၄ ခုနှစ် ဇန်နဝါရီလကနေ အောက်တိုဘာလ ၇ ရက်နေ့အတွင်း ထောင်တွင်းဆေးဝါးစောင့်ရှောက်မှု လုံလောက်စွာမရရှိဘဲ သေဆုံးခဲ့ရတဲ့ နိုင်ငံရေးအကျဉ်းသား ၁၁ ဦး နဲ့ နိုင်ငံရေးအကျဉ်းသူ ၂ ဦး စုစုပေါင်း ၁၃ ဦး ရှိပြီဖြစ်ပါတယ်။

ထောင်တွင်း ကျန်းမာရေးနဲ့ညီညွတ်တဲ့ စားသောက်နေထိုင်ရေး အပြည့်အဝမရတာ သောက်သုံးရေထဲမှာ ခဲဓာတ်ပါဝင်မှုများပြားတာ၊ထောင်တွင်း ဆေးဝါးမလုံလောက်တာနဲ့ အရေးပေါ်ဆေးဝါးကုသရမယ့် နိုင်ငံရေးအကျဉ်းသားတွေကို လုံခြုံရေးအကြောင်းပြချက်နဲ့ ထောင်ပြင်ပဆေးရုံကို အချိန်နဲ့တစ်ပြေးညီ ပို့ဆောင်ပေးခြင်းမရှိတာတွေကြောင့် နိုင်ငံရေးအကျဉ်းသူ/သားတွေဟာ မသေဆုံးသင့်ဘဲ သေဆုံးခဲ့ကြရတာဖြစ်တယ်လို့ PPNM က ဆိုပါတယ်။

 

LEAVE A REPLY

Please enter your comment!
Please enter your name here