မေ၊၂၉
ချီဖွေမြို့နယ်၊ မေခမြစ်တစ်ဖက်ကမ်း၊ KIA ထိန်းချုပ်ဧရိယာဘက်မှာရှိတဲ့ မျောမောပါရွာမှာ ဒီမနက် ၂ နာရီလောက်က မိုးကြီးတာကြောင့် မြေတွေပြိုပြီး လူနေအိမ် ၂၀ လောက် မျောပါသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
အထက်ဘက်မှာရှိတဲ့ ချောင်းကနေ ရွာအနီးမှာရှိတဲ့ ချောင်းထဲဝင်ပြီး အဲဒီချောင်းကနေတဆင့် သစ်တုံးတွေနဲ့ ရွှံ့တွေရောပြီး ရွာထဲကို အရှိန်နဲ့ စီးဝင်လာခဲ့တာဖြစ်တယ်လို့ မျောမောပါရွာခံတစ်ဦးက ပြောပါတယ်။
“သစ်တုံးတွေ၊ ရွှံ့မြေတွေရောပြီး နေလို့ကိုမရအောင်နံပြီးတော့ စီးဝင်လာတာဟုတ်တယ်။ တရုတ်တွေလုပ်ထားတဲ့ တံတားတစ်စင်းလည်း ကျိုးသွားပြီ။“ လို့ ဒေသခံက ဆိုပါတယ်။
လက်ရှိအချိန်ထိ ချောင်းရေတွေဟာ ရွာထဲကို စီးဝင်နေသေးတာကြောင့် ရွာထဲက ဘုရားကျောင်းနဲ့ ကျန်ရှိနေသေးတဲ့ ဒေသခံပြည်သူတွေရဲ့နေအိမ်တွေ ဆက်လက်မျောပါသွားမှာကို စိုးရိမ်နေကြတယ်လို့ ဆိုပါတယ်။
ရေထဲမျောသွားတဲ့ ဒေသခံအမျိုးသားတစ်ဦးကတော့ မေခမြစ်ထဲရောက်ပြီး အသက်ရှင်လျက် ပြန်တက်လာနိုင်ခဲ့တယ်လို့လည်း သိရပါတယ်။
အဲဒီချောင်းရေတွေဟာ ရွာလယ်ကို စီးဝင်လာတာဖြစ်ပြီး ဖုန်းလိုင်းလည်း ဆက်သွယ်ရခက်တဲ့အပြင် ရေလွတ်ရာကို တိမ်းရှောင်နေကြရတာကြောင့် အခြေအနေအလုံးစုံကို မသိရသေးဘူးလို့လည်း ဆိုပါတယ်။
လွန်ခဲ့တဲ့ နှစ် ၅၀ တုန်းကလည်း ရွာထဲမှာ အခုလိုရေဘေးသင့်ခဲ့တာကြောင့် ရွာပျက်စီးခဲ့ဖူးတဲ့အပြင် တစ်ရွာလုံးမီးလောင်သွားတာကြောင့် ရွာပျက်စီးခဲ့ဖူးတယ်လို့လည်း ဆိုပါတယ်။
“နှစ်တိုင်းတော့မဖြစ်ဘူး။ အသက်ကြီးတဲ့သူတွေပြောတာတော့ နှစ်ပေါင်း ၅၀ ဆိုရင် တစ်ကြိမ်ဖြစ်တာတဲ့။ ဟိုးအရင်တုန်းကလည်းတစ်ခေါက်ဖြစ်တယ်တဲ့။ အခုနှစ်ပေါင်း ၅၀ ရောက်လို့ ပြန်ဖြစ်တဲ့ ရေဘေးဟုတ်တယ်လို့ ပြောကြတယ်။“လို့ ဒေသခံက ဆိုပါတယ်။
အထက်ပါကျေးရွာနေ ဒေသခံတွေဟာ စိုက်ပျိုးရေးနဲ့ မွေးမြူရေးကို အဓိကလုပ်ကိုင်စားသောက်ကြတာဖြစ်ပြီး ချောင်းတစ်လျှောက် ရွှေတူးဖော်တာမျိုးတွေလည်း မပြုလုပ်ကြဘူးလို့လည်း သိရပါတယ်။
လက်ရှိအချိန်ထိလည်း ရွာအတွင်း ရေဝင်နေသေးတာကြောင့် ရေဘေးကို အချိန်ဘယ်လောက်ကြာမြင့်အောင် ခံစားနေကြရဦးမှာလဲဆိုတာ မသိနိုင်သေးဘူးလို့လည်း ဒေသခံတွေက ဆိုပါတယ်။







