ဩဂုတ်၊၉
ဖားကန့်ကျောက်စိမ်းတွင်းဒေသမှာ ဖုန်းလိုင်းတွေမရသေးတဲ့အတွက် ကုန်သည်တွေအနေနဲ့ မြစ်ကြီးနားမြို့အထိဆင်းပြီး ကုန်ပစ္စည်းတွေ မှာယူနေကြရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဖားကန့်မြို့တွင်းရောင်းချမယ့် ကုန်စိိိမ်းကုန်ခြောက်နဲ့ အခြားပစ္စည်းတွေကို မြစ်ကြီးနားမြို့အထိဆင်းပြီး ဝယ်ယူနေရတာလို့ ဖားကန့်ဒေသခံ အမျိုးသမီးတစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်ကို ပြောပါတယ်။
“ဖုန်းလိုင်းမရှိတဲ့အခါကျတော့ ဈေးသည်တွေဆိုလည်း ပစ္စည်းမှာလို့မရဘူး။ သူတို့လိုချင်တဲ့ပစ္စည်းကို မှာလို့မရဘူး။ အများဆုံးက ဈေးသည်တွေဆင်းကြတယ်။ မဖြစ်မနေဆင်းရမယ့်သူတွေ ဆင်းကြတာပေါ့။”လို့ အထက်ပါ အမျိုးသမီးက ပြောပါတယ်။
ဖားကန့်မှာ ဖုန်းဆက်သွယ်ရေးလိုင်းတွေ ပြတ်တောက်နေတဲ့အတွင်း ကုန်ဈေးနှုန်းတွေလည်း အရင်ကထက် ပိုမြင့်တက်လာပြီး ကန်စွန်းရွက်သုံးစီးကို ကျပ်နှစ်ထောင်ပေးဝယ်ရတယ်လို့လည်း ဆိုပါတယ်။
ဒါ့အပြင် ဖားကန့်- မြစ်ကြီးနား ယာဉ်စီးခတွေလည်း အရင်ကထက် ဈေးနှုန်းမြင့်တက်လာပြီး ခရီးသည်တစ်ဦးကို ငွေကျပ်တစ်သိန်းနီးပါးအထိပေးပြီး ခရီးသွားနေရတယ်လို့ သိရပါတယ်။
အရင်က ဖားကန့်-မြစ်ကြီးနား ယာဉ်စီးခကို အရှေ့ခန်း ကျပ်ခြောက်သောင်း၊ အနောက်ခန်း ငါးသောင်းကျပ်ပေးရပြီး အခုအချိန်မှာတော့ အရှေ့ခန်း တစ်သိန်းကျပ်၊ အနောက်ခန်း ရှစ်သောင်းကျပ်အထိ ရှိနေတယ်လို့လည်း သိရပါတယ်
ကုန်တင်ကားတွေနဲ့ ခရီးသည်ကားတွေ ဖားကန့်-မြစ်ကြီးနား အတက်အဆင်း ပုံမှန်ထက်များနေပြီး လမ်းတစ်လျှောက် စစ်ဆေးရေးဂိတ်တွေမှာ အမျိုးသားတွေကို ပိုစစ်တယ်လို့ လတ်တလော ဖားကန့်ကဆင်းလာတဲ့ အမျိုးသမီးတစ်ဦးရဲ့ ပြောချက်အရ သိရပါတယ်။
ဖားကန့်မြို့အတွင်း IPstar နဲ့ Star Link တပ်ဆင်ထားတဲ့ဆိုင်တွေမှာ သုံးသောင်းကျပ်ပေးပြီး Wifi အသုံးပြုနေကြရတာဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင်လ ၂၁ ရက်နေကစပြီး ဖားကန့်မြို့နယ် အပါအဝင် ကချင်ပြည်နယ်က မြို့နယ်အများပိုင်းမှာ MPT၊ Ooredoo၊Mytelနဲ့ Atom ဖုန်းလိုင်းနဲ့ အင်တာနက်လိုင်းတွေ ပြတ်တောက်ခဲ့တာဖြစ်ပါတယ်။







