အောက်တိုဘာ၊၂၄
မန္တလေးတိုင်း၊ ဂေါဝန်ဆိပ်ကမ်းကနေ စစ်ကောင်စီရဲ့ စစ်သင်္ဘော ၆ စီး စစ်ကိုင်းတိုင်းဘက်ကို ဆန်တက်လာတာကြောင့် ဧရာဝတီမြစ်ကြောင်းတစ်လျှောက် စစ်ကြောင်းတွေ ထိုးထားကြပြီဖြစ်တယ်လို့ သိရပါတယ်။
အဲဒီသင်္ဘောတွေတက်လာတဲ့ ရေလမ်းကြောင်းတစ်လျှောက် တိုက်ခိုက်ခံရမှုတွေ ဖြစ်ပွားတတ်တဲ့အတွက် ကြိုတင်လုံခြုံရေး ယူတဲ့အနေနဲ့ စစ်ကြောင်းတွေကို ချထားတာဖြစ်တယ်လို့ ကသာမြို့နယ်မှာ နေထိုင်တဲ့ အမျိုးသားတစ်ဦးက ပြောပါတယ်။
“အောက်ဘက် သင်္ဘောနဲ့ သံခွန်နဲ့ တက်မယ်ဆိုလို့ ကင်းထိုးထားတယ်တဲ့။ ကသာဘက် အောက်ခြမ်းနဲ့ ထီးချိုင့်မှာ ၃၀၀ (စစ်သားအင်အား)တဲ့။“လို့ အထက်ပါအမျိုးသားက ဆိုပါတယ်။
မန္တလေးနဲ့ စစ်ကိုင်းတိုင်းအစပ် ရောက်နေပြီဖြစ်တဲ့အတွက် စစ်ကောင်စီစစ်ကြောင်းတွေအနေနဲ့ စစ်ကိုင်းတိုင်းအတွင်းက ဧရာဝတီမြစ်ကြောင်းတစ်လျှောက် ကင်းပုန်းတွေ တစ်နေရာပြီးတစ်နေရာ ချနေပြီဖြစ်တယ်လို့ ဒေသခံက ဆက်လက်ပြောပါတယ်။
အဲဒါကြောင့် ဧရာဝတီမြစ်ကြောင်းတစ်လျှောက်မှာ နေထိုင်ကြတဲ့ ဒေသခံပြည်သူတွေအနေနဲ့ သတိရှိစွာ နေထိုင်ကြဖို့အတွက် လိုအပ်တယ်လို့လည်း ဆိုပါတယ်။
စစ်ကိုင်းတိုင်းဘက်ကို စစ်ကောင်စီရဲ့ စစ်သင်္ဘောတွေ တက်လာကြပြီဖြစ်ပြီး အခြေအနေကို သတိထားစောင့်ကြည့်နေရတယ်လို့လည်း ထီးချိုင့်ဒေသခံတစ်ဦးက အတည်ပြုပြောကြားပါတယ်။
ဒီနှစ်အတွင်းမှာ ဗန်းမော်မြို့အထိ ဆန်တက်လာတဲ့ စစ်ကောင်စီရဲ့ စစ်သင်္ဘောတွေရောက်လာတိုင်း ဧရာဝတီမြစ်ကြောင်းတစ်လျှောက်က ကျေးရွာတစ်ချို့ကိုဝင်ပြီး နေအိမ်မီးရှို့တာတွေနဲ့ ဒေသခံတွေကို ဖမ်းဆီးတာတွေ ပြုလုပ်လေ့ရှိနေတာပါ။
အရင်လတွေတုန်းက စစ်သင်္ဘောကို လုံခြုံရေးယူပေးတဲ့ စစ်ကြောင်းတွေကနေ မီးရှို့ခဲ့ကြတဲ့ ကျေးရွာတွေက ဒေသခံတွေဟာ လက်ရှိချိန်ထိ မိမိနေအိမ်တွေကို ပြန်လည်ဆောက်လုပ်နိုင်ခြင်း မရှိသေးတဲ့အတွက် အကူအညီတွေ လိုအပ်နေကြဆဲ ဖြစ်တယ်လို့လည်း ဒေသခံတွေဆီက သိရပါတယ်။
စစ်သင်္ဘောတွေပေါ်မှာ လက်နက်ခဲယမ်းတွေ၊ စားနပ်ရိက္ခာတွေနဲ့ စစ်သားတွေကို တင်ဆောင်လာကြတာ ဖြစ်တယ်လို့သိရပြီး စစ်ကိုင်းတိုင်းဒေသနဲ့ ကချင်ပြည်နယ်အတွင်းက စစ်ကောင်စီရဲ့ ရှေ့တန်းစခန်းတွေမှာ ပို့ပေးကြတာ ဖြစ်တယ်လို့လည်း သိရပါတယ်။
ဝိုင်းမော်- လိုင်ဇာ- ဗန်းမော်လမ်းတစ်လျှောက် စစ်ကောင်စီက ဇူလိုင်လကတည်းက ထိုးစစ်ဆင်တိုက်ခိုက်နေတဲ့အတွက် စစ်လက်နက်ခဲယမ်းတွေနဲ့ စစ်သားအင်အားတွေကို ဆက်တိုက်ဆိုသလို သင်္ဘောတွေနဲ့ ဗန်းမော်ဘက်ကို ပို့ဆောင်နေတာလည်း ဖြစ်ပါတယ်။







