အောက်တိုဘာ၊ ၉
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ပန်နန်းဒင်မြို့ကနေ တရုတ်နယ်စပ်သွားတဲ့လမ်းက တံတားတစ်ခု ပျက်စီးနေတာကြောင့် ဒေသခံတွေ သွားရေးလာရေး ခက်ခဲနေတယ်လို့ သိရပါတယ်။
ပျက်စီးနေတဲ့ တံတားဟာ ပန်နန်းဒင်မြို့နဲ့ ပန်နန်းဒင်မြို့အကျော်က မခွမ်ကန်ကျေးရွာဘက် ဆက်သွယ်ထားတဲ့ လူကူး ကြိုးတံတားတစ်ခုဖြစ်ပြီး တံတားဟာ ကြိုးချည်ထုံးတစ်ဖက်ပျက်ပြီး စောင်းနေတာကြောင့် အဲဒီလမ်းက ဖြတ်သန်းသွားလာသူတွေဟာ ဝါးလုံးချည်ပြီး ခက်ခက်ခဲခဲ ဖြတ်သန်းနေရတယ်လို့ ဒေသခံတစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်ကို အခုလိုပြောပါတယ်။
“အဲဒီတံတားက လုံးဝ (လုံးဝ) သွားလို့မရတဲ့ အဆင့်တော့ရှိတယ်။ လုံးဝ စောင်းနေတာ အဲဒီမှာ ဝါးလုံးကို ထိုးပြီးမှ ချည်ထားလိုက်တယ်။ တကယ်လို့ တစ်ယောက်ယောက် ကျသွားခဲ့လို့ရှိရင်လည်း သူ့အသက်အန္တရာယ်တော့ တအားစိုးရိမ်ရတာပေါ့။” လို့ ဒေသခံက ဆိုပါတယ်။
အဲဒီတံတားကို ပန်နန်းဒင်မြို့ကနေ တရုတ်နယ်စပ်သွားတဲ့သူတွေ၊ ရေခဲတောင်သွားတဲ့သူတွေနဲ့ ပန်နန်းဒင်အကျော်မှာရှိတဲ့ ရွာကဒေသခံတွေ အသုံးပြုနေတာဖြစ်ပြီး ပျက်စီးနေပေမဲ့
အဲဒီတစ်လမ်းပဲရှိတာကြောင့် ဖြတ်သန်းသွားလာသူတွေအတွက် ခက်ခဲမှုတွေရှိနေတာ ဖြစ်တယ်လို့ သိရပါတယ်။
အဲဒီတံတားရှိတဲ့ချောင်းဟာ မေခမြစ်ထဲစီးဝင်တဲ့ ချောင်းကြီးဖြစ်ပြီး မေခမြစ်နဲ့လည်း နီးတာကြောင့် မတော်လို့ ပြုတ်ကျခဲ့မယ်ဆိုရင် အသက်အန္တရာယ်ထိ စိုးရိမ်ရနိုင်တယ်လို့လည်း ဆိုပါတယ်။
မိုးများတဲ့ဒေသဖြစ်တာကြောင့် အဲဒီတံတားရဲ့ အခင်းဖြစ်တဲ့ သစ်သားပြားတွေလည်း ဆွေးမြေ့နေပြီး ပျက်စီးနေတာ ၆ လဝန်းကျင်လောက်ရှိလာပြီဖြစ်ပြီး အဲဒီတံတားပေါ်က ခက်ခက်ခဲခဲ ဖြတ်သန်းနေရတာကြောင့် သက်ဆိုင်ရာဘက်က ပြုပြင်ပေးစေချင်တယ်လို့ ဆိုပါတယ်။
“ဆန်ကို တစ်ပုံးလောက်ပဲထမ်းလို့ရတယ်အဲဒီနေရာက။ ဒါတောင်မှ တကယ်သတ္တိရှိမှရတာ။ အဲဒီတံတားက အမြန်ဆုံးပြုပြင်ပေးရင် ပိုကောင်းမယ်လို့ ကျွန်တော်တို့ကပြောချင်တာ။” လို့ဒေသခံက ဆက်လက်ပြောပါတယ်။
ဌာနဆိုင်ရာဘက်ကလည်း တံတားပျက်တဲ့အခြေအနေ ပတ်သက်ပြီး ဘာမှ ပြောဆိုတာ မရှိဘူးလို့လည်း ဒေသခံတွေဆီက သိရပါတယ်။
လမ်းပန်းဆက်သွယ်ရေးခက်ခဲတာကြောင့် ပန်နန်းဒင်မြို့ကနေ ခြေလျင်ညအိပ်ခရီး သွားရတဲ့ ဒဇူလောင်၊ အလီအောင်၊ ကူရှင်နဲ့ မခွမ်ကန် ကျေးရွာက ဒေသခံတွေလည်း တံတားပျက်စီးနေတာကြောင့် သတိထားသွားလာရသလို အဲဒီဒေသတွေဘက် အခြေခံစားသောက်ကုန် ဆန်ဈေးကအစ တော်တော်လေး ကြီးမြင့်တယ်လို့ ဆိုပါတယ်။







