ဇွန်၊၄
ဝိုင်းမော်မြို့နယ်အတွင်း တိုက်ပွဲအခြေအနေ မတည်ငြိမ်သေးတာကြောင့် ဝူယန်ကျေးရွာက ဒေသခံတွေခိုလှုံနေတဲ့ ခါနန်စစ်ရှောင်စခန်းက ကျောင်းသူ/သားတွေ ကျောင်းမအပ်နှံနိုင်ကြသေးဘူးလို့ သိရပါတယ်။
အနီးအနားက ကျေးရွာတွေဖြစ်တဲ့ လမြန်၊ မုတ်ကြိတ်၊ နန်ဝါစတဲ့ ရွာကျောင်းတွေလည်း မဖွင့်သေးတာကြောင့် မအပ်နှံနိုင်ကြသေးတာ ဖြစ်တယ်လို့ စစ်ရှောင်စခန်းတာဝန်ခံက ပြောပါတယ်။
“ကျောင်းက ဘယ်သူ့မှ မတက်နိုင်ကြသေးဘူး။ ဒီဘက်မှာလည်းရှုပ်(တိုက်ပွဲအခြေအခြေ)နေတော့ တချို့က မြစ်ကြီးနားဘက် သွားတက်မယ်ပြောတယ်။ တချို့က အဆင်မပြေဘူးဆိုပြီး ပြန်လာကြသူတွေလည်းရှိတယ်။ ဝူယန်တစ်ကြောတောက်လျှောက် ဘယ်သူ့မှ ကျောင်းမအပ်နှံကြသေးဘူး။“ လို့ တာဝန်ခံက ဆိုပါတယ်။
ဝူယန်ကျေးရွာတစ်လျှောက်က လမြန်၊ မုတ်ကြိတ်နဲ့ နန်ဝါရွာဘက်မှာ မကြာခဏဆိုသလို လက်နက်ကြီး ပစ်ခတ်မှုတွေရှိနေပြီး ဒေသခံတွေရဲ့ နေအိမ်တွေမှာ ကျရောက်ပေါက်ကွဲတာတာတွေ ဖြစ်နေတာကြောင့် နေအိမ်အတွင်းမနေရဲကြသလို ကလေးတွေကိုကျောင်းလည်း မအပ်ရဲသေးဘူးလို့ ဆိုပါတယ်။
အဲဒီခါနန်စစ်ရှောင်စခန်းမှာ မူလတန်းကြိုအဆင့်ကနေ အထက်တန်းအဆင့်ထိ ကျောင်းတက်ရမယ့်ကျောင်းသူ၊ ကျောင်းသား ဦးရေစုစုပေါင်း ၂၀၀ နီးပါးရှိတယ်လို့ သိရပါတယ်။
မူလတန်းကြိုအဆင့် ကလေးတွေကိုတော့ စစ်ရှောင်စခန်းအတွင်းမှာပဲ အသင်းတော်ကနေ ဒီလအတွင်းမှာ ဖွင့်လှစ်သင်ကြားပေးဖို့ ဆောင်ရွက်နေကြတယ်လို့ သိရပါတယ်။
တခြားအတန်းတွေကတော့ ဒီနှစ်ရဲ့ အစိုးရကျောင်းမတက်နိုင်ခဲ့ရင်တောင် အင်္ဂလိပ်စာဖြစ်ဖြစ် သင်ကြားပေးနိုင်အောင် စီစဉ်သွားဖို့ စဉ်းစားထားကြောင်းလည်း စစ်ရှောင်စခန်းတာဝန်ခံက ဆက်လက်ပြောပါတယ်။
“ဝိုင်းမော်မြို့နယ်မှာတော့ တစ်လလောက်ဆိုင်းတယ်ဆိုပြီး အခုလက်ရှိ စစ်ကောင်စီအစိုးရက ပြောတယ်တဲ့။ အဲဒါကြောင့် တစ်မြို့နယ်လုံးဖြစ်မယ်ထင်တယ်။“လို့ ဆိုပါတယ်။
ဒါ့အပြင် ဝိုင်းမော်မြို့နယ်ရဲ့ ဒီနှစ်ရဲ့စာသင်နှစ်ကတော့ လာမယ့် ဇူလိုင်လကနေ နောက်နှစ် မတ်လအထိဖြစ်မယ်လို့ သိရပါတယ်။
အဲဒီဝူယန်ကျေးရွာက ဒေသခံပြည်သူ အိမ်ခြေ ၂၀၀ ကျော်ဟာ လွန်ခဲ့တဲ့ ဧပြီလ ၇ ရက်နေ့ကစပြီး ရွာပြင်ဘက်ရှိ ခါနန်စစ်ရှောင်စခန်းမှာ သွားရောက်ခိုလှုံနေကြတာဖြစ်ပြီးတော့ တချို့ဒေသခံ ရွာသားတွေကတော့ မြစ်ကြီးနားမြို့ဘက်နဲ့ ဂွေထုကျေးရွာဘက်မှာ တိမ်းရှောင်နေကြတယ်လို့ သိရပါတယ်။
ဒါ့အပြင် စားနပ်ရိက္ခာအတွက် နှစ်လစာအတွက်ပဲ ကြိုတင်ပြင်ဆင်ခဲ့တာကြောင့် းဝါးတွေ၊ စားနပ်ရိက္ခာတွေနဲ့ မိုးကာတွေ လိုအပ်နေကြတယ်လို့ စစ်ရှောင်တွေဆီက သိရပါတယ်။
တောတောင်ထဲမှာနေကြတာဖြစ်တဲ့အတွက် ငှက်ဖျားကာကွယ်ဆေးတွေ လိုအပ်နေတဲ့အပြင် ချောင်းရေကို အသုံးပြုကြရတာကြောင့် အရေပြားယားယံတာတွေ ဖြစ်နေပြီး အရေပြားလိမ်းဆေးတွေလည်း လိုအပ်နေတယ်လို့ သိရပါတယ်။
လတ်တလောမှာ ဝိုင်းမော်စစ်ကောင်စီတပ် ၅၈ တပ်ရင်းကနေလက်နက်ကြီးပစ်ခတ်မှုတွေ ရှိနေတဲ့အပြင် ဝူယန်ပြည်သူ့စစ်စခန်းကနေလည်း ပစ်ခတ်မှုတွေ ပြုလုပ်နေတဲ့အတွက် ရွာထဲကို မပြန်ရဲသေးကြပါဘူး။
ဒါ့အပြင် ဝိုင်းမော်မြို့နယ်အတွင်းက အခြားစစ်ရှောင်စခန်းတွေမှာလည်း ကလေးတွေ ကျောင်းအပ်နှံနိုင်ရေး ကြိုးစားလုပ်ဆောင်နေရပြီး တစ်နိုင်ငံလုံးက ကျောင်းတွေကတော့ မနေ့ ဇွန်လ ၃ ရက်နေ့က စတင်ဖွင့်လှစ်ခဲ့တာ ဖြစ်ပါတယ်။







