ဇူလိုင်၊၂၀
စစ်ရေးလှုပ်ရှားမှုတွေ ရှိနေတာကြောင့် ဗန်းမော်ခရိုင်၊ဒေါ့ဖုန်းယန်မြို့ ၊ဒင်ဂါနဲ့ နောင်ဝမ့် ရွာက ဒေသခံပြည်သူတွေ ဒေါ့ဖုန်းယန်မြို့ဘက် ဇူလိုင်လ ၁၆ ရက်နေ့ကနေစပြီး ထွက်ပြေးခိုလှုံနေကြပြီလို့ သိရပါတယ်။
ဒေါ့ဖုန်းယန်မြို့ အနီးတစ်ဝိုက်မှာ ကချင်လွတ်လပ်ရေးတပ်မတော် (KIA)နဲ့ စစ်ကောင်စီတပ်တို့ စစ်ရေးလှုပ်ရှားမှုတွေ ရှိနေတဲ့အတွက် ဒေသခံပြည်သူတွေ စိုးရိမ်နေကြပြီး အခုလို တိမ်းရှောင်ခိုလှုံတာတွေ ရှိနေတာ ဖြစ်တယ်လို့ ဒေသခံတစ်ဦးရဲ့ ပြောပြချက်အရ သိရပါတယ်။
လက်ရှိ နှစ်ဖက်တပ် စစ်ရေးအခြေအနေကြောင့် ဒင်ဂါရွာနဲ့ စစ်ကောင်စီ ထိန်းချုပ်နယ်မြေ၊ နောင်ဝန့်ရွာဘက်က ဒေသခံတွေအားလုံး ဒေါ့ဖုန်းယန်မြို့က ဘုရားကျောင်းနဲ့ နီးစပ်ရာဆွေမျိုးတွေဆီမှာ သွားရောက်ခိုလှုံနေကြပြီလို့ ဆိုပါတယ်။
” စစ်ကြောင်းကတော့ ပတ်ပတ်လည်မှာ ရှိနေတယ်။ နေ့၊ ည အချိန်တိုင်း လက်နက်သံတွေ ကြားနေရတယ်။” လို့ ဒေါ့ဖုန်းယန်ဒေသခံတစ်ဦးက ပြောပါတယ်။
ဒေါ့ဖုန်းယန် ဒေသခံရဲ့ ပြောပြချက်အရ လက်ရှိ မြို့ပတ်ဝန်းကျင် လက်နက်ကြီးသံတွေ မကြာခဏ ထွက်ပေါ်နေပြီး စစ်ကောင်စီဘက်ကပါ စစ်ကြောင်းထိုးမှုတွေ ရှိနေတယ်လို့ သိရပါတယ်။
ဒါ့အပြင် စစ်ရေးလှုပ်ရှားမှုနဲ့ နီးကပ်တဲ့ အထက်ပါ ရွာနှစ်ရွာမှာ ခန့်မှန်းခြေ အိမ်ခြေ ၃၀ စီလောက် ရှိနိုင်တယ်လို့လည်း သိရပါတယ်။
နမ်ဆန်ယန်ကျေးရွာဘက်ကို ဇူလိုင်လ ၃ ရက်နေ့ကနေစပြီး မြစ်ကြီးနားနဲ့ ဝိုင်းမော်မြို့ဘက်ကနေ စစ်ကောင်စီတပ်သားတွေ စစ်ကြောင်း ဆက်တိုက်ထိုးနေပြီးတော့ ဗန်းမော်မြို့ဘက်ကပါ အကူစစ်ကြောင်းတွေ တက်လာနေတာ ဖြစ်တယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။
အထက်ပါ ဒေ့ါဖုန်းယန်ဒေသခံရဲ့ ပြောပြချက်အရ နမ်ဆန်ယန်ကျေးရွာဘက်ကို ဗန်းမော်ကနေ စစ်ကြောင်းထိုးလာတဲ့ အဖွဲ့သုံးဖွဲ့လောက်ရှိနေပြီဖြစ်ပြီး စစ်ကြောင်းတစ်ခုမှာ အင်အားအနည်းဆုံး ၈၀ လောက် ရှိတယ်လို့ သိရပါတယ်။
ဒါ့အပြင် လက်ရှိ စစ်ရေးအခြေအနေတွေ၊ စစ်ကြောင်းထိုးမှုတွေကြောင့် လမ်းတွေကိုပါ ပိတ်ဆို့ထားသလို ဖြစ်နေပြီး ဒေသခံပြည်သူတွေ သတိထားသွားလာနေရပါတယ်။







