စစ်ကောင်စီမှ ဆန်နှင့် စက်သုံးဆီသယ်ယူခွင့် တင်းကြပ်ထားခြင်းကြောင့် တနိုင်းမြို့က စက်သုံးဆီအရောင်းဆိုင်များ ပိတ်ထားရ

246

ဇူလိုင်၊၅

စစ်ကောင်စီက ဆန်နဲ့ စက်သုံးဆီသယ်ယူခွင့်တွေကို တင်းကြပ်ထားတာကြောင့် တနိုင်းမြို့က စက်သုံးဆီအရောင်းဆိုင်တွေ ပိတ်ထားရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

တနိုင်းမြို့ပေါ်က စက်သုံးဆီအရောင်းဆိုင်တွေ ပိတ်ပင်ထားတာဟာ တစ်ပတ်လောက်ရှိလာပြီဖြစ်ပြီး လိုအပ်သလောက် မရရှိတဲ့အတွက် သွားရေးလာရေးနဲ့ လယ်ယာလုပ်ငန်း လုပ်ကိုင်ရာတွေမှာ အခက်အခဲနဲ့ ကြုံတွေ့ရတယ်လို့ တနိုင်းဒေသခံတစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်ကို အခုလိုပြောပါတယ်။

” အားလုံးပိတ်ထားကြတယ်။ ဆီမရှိတော့ ခဏတဖြုတ် ဆိုင်ကယ်စီးသွားရမယ့် နေရာဆိုရင်ခက်။ လယ်ယာလုပ်သူတွေလည်း လယ်မြန်မြန်လုပ်ဖို့ ဆီမရှိတော့ စက်ရှိပေမဲ့ မမောင်းနိုင်ဘူးဖြစ်နေတာ။” လို့ ဒေသခံက ဆိုပါတယ်။

တနိုင်းလမ်းပိုင်းမှာ ဆန်သယ်ယူဖို့ ခက်ခဲတာနဲ့ လက်ရှိ မြို့တွင်းမှာ စက်သုံးဆီဆိုင်တွေ ပိတ်ပင်ထားကြသလို အကန့်အသတ်နဲ့ရောင်းဖို့ကိုမရှိတဲ့ အခြေအနေတွေဖြစ်နေတယ်လို့ နောက်ထပ် တနိုင်းဒေသခံတစ်ဦးကလည်း ပြောပါတယ်။

စက်သုံးဆီ ရရှိဖို့ ခက်ခဲတာအပြင် ဆန်ဈေးနှုန်းကလည်း ရိုးရိုးဆန်တစ်အိတ်ကို ကျပ်သိန်းချီပေးဝယ်နေရတာကြောင့် ဒေသခံပြည်သူတွေ စားဝတ်နေရေး ပိုမိုကြပ်တည်းလာတယ်လို့လည်း ဆိုပါတယ်။

ဒါ့အပြင် အခုနှစ်စပိုင်းတုန်းကလည်း စစ်ကောင်စီက အဲဒီဒေသဘက်ကို ဆန်နဲ့ စက်သုံးဆီ သယ်ယူခွင့် တင်းကြပ်တာရှိခဲ့ပြီး ဒီတစ်ခေါက်ကတော့ အရင်ကထက် ပိုဆိုးတယ်လို့ ဒေသခံတွေရဲ့ပြောပြချက်အရ သိရပါတယ်။

 

LEAVE A REPLY

Please enter your comment!
Please enter your name here