စစ်ရေးအခြေအနေကို မသိနိုင်တာကြောင့် ကွတ်ခိုင်မြို့က ဒေသခံပြည်သူတချို့ နီးစပ်ရာ ကျေးရွာတွေဘက် တိမ်းရှောင်

246

 

ဒီဇင်ဘာ၊ ၁၉

စစ်ရေးအခြေအနေကို မသိနိုင်တာကြောင့် ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့က ဒေသခံပြည်သူတချို့ နီးစပ်ရာကျေးရွာတွေဘက် ရှောင်တိမ်းနေကြတယ်လို့ သိရပါတယ်။

ရှမ်းမြောက်ဒေသကမြို့နယ်တွေမှာ စစ်ကောင်စီတပ်နဲ့ ညီနောင်မဟာမိတ်တပ်တို့ တိုက်ပွဲဖြစ်ပွားမှုတွေနဲ့ စစ်ကောင်စီတပ်စခန်းတွေ အသိမ်းခံရကြောင့် တခြားဒေသတွေလို ဖြစ်လာမှာ စိုးရိမ်တဲ့အတွက် ကြိုတင်ရှောင်တိမ်းနေကြတာ ဖြစ်တယ်လို့ ကွတ်ခိုင်ဒေသခံတစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်ကို‌ပြောပါတယ်။

“စိုးရိမ်တဲ့သူတွေက ရှောင်ကြတယ်။ ပုံမှန်ထက် နည်းနည်းတော့ခြောက်သွေ့သွားတယ်။ ညနေဘက် အသံနည်းနည်းမြည်တာနဲ့ လမ်းပေါ်မှာလူတောင်မရှိဘူး။ ဘယ်သူမှ အသွားအလာမလုပ်တော့ဘူး။”လို့ ဒေသခံက ဆိုပါတယ်။

တစ်ခုခုဖြစ်လာရင် မလွယ်ကူတဲ့အတွက် ဒေသခံပြည်သူအချင်းချင်း သတိပေးပြောဆိုမှုတွေကြောင့် ကလေးနဲ့ သက်ကြီးရွယ်အိုရှိသူတွေ စသဖြင့် နီးစပ်ရာ ရှောင်တိမ်းနေကြတာဖြစ်တယ်လို့ နောက်ထပ် ကွတ်ခိုင်ဒေသခံတစ်ဦးကလည်း ပြောပါတယ်။

“အခုချိန်က အသွားအလာသတိထားနေရတယ်။ မလုံခြုံသလို ခံစားရလို့ရှောင်ကြတာ။ တချို့ပိုက်ဆံရှိတဲ့သူတွေက မန္တလေးတို့ သွားကြတာရှိတယ်။” လို့ ဆိုပါတယ်။

ရှောင်တိမ်းကြတဲ့ ဒေသခံတွေဟာ နီးစပ်ရာဆွေမျိုးတွေနဲ့ လုံခြုံမယ်လို့ယူဆတဲ့နေရာတွေဘက် ရှောင်တိမ်းနေကြသလို ငွေကြေးတတ်နိုင်သူတွေကတော့ တခြားမြို့နယ်တွေဘက် ရှောင်ကြတာလို့ သိရပါတယ်။

ဒီအတောအတွင်း မြို့တွင်းအသွားအလာနည်းသွားသလို စစ်ကောင်စီကလည်း မာရှယ်လော ထုတ်ပြန်ထားတဲ့အတွက် ညနေပိုင်းဆိုရင် အသွားအလာပြုလုပ်တာ သိပ်မရှိတော့ဘူးလို့လည်း သိရပါတယ်။

ကွတ်ခိုင်မြို့မှာရှိတဲ့ စစ်ကောင်စီဗျူဟာကုန်းကလည်း လက်နက်ကြီးပစ်ခတ်မှုတွေ တောက်လျှောက် လုပ်ဆောင်နေပြီးတော့ ပြီးခဲ့တဲ့ရက်ပိုင်းတွေအတွင်း စစ်ကောင်စီရဲ့ ပစ်ခတ်မှုကြောင့် ဒေသခံပြည်သူထိခိုက်တာနဲ့ သေဆုံးတာရှိတယ်လို့ သိရပါတယ်။

ဒါ့အပြင် ကွတ်ခိုင်မြို့နယ်၊ နမ့်ဖတ်ကာကျေးရွာက ဒေသခံတွေလည်း စစ်ကောင်စီရဲ့ လက်နက်ကြီးပစ်ခတ်မှုတွေ ထိမှာစိုးရိမ်တဲ့အတွက် တိမ်းရှောင်နေကြသလို တချို့ကတော့ နေ့ဘက်ပြန်လာပြီး ညဘက်တိမ်းရှောင်အိပ်နေကြတယ်လို့ သိရပါတယ်။

လက်ရှိမှာ‌တော့ ကွတ်ခိုင်နဲ့ အနီးတစ်ဝိုက်ဒေသတွေဘက် ဖုန်းလိုင်းအဆက်အသွယ်ရရှိဖို့ ခက်ခဲနေသလို အင်တာနက်လိုင်းတွေလည်း ပြတ်တောက်နေတာဖြစ်ပါတယ်။

 

LEAVE A REPLY

Please enter your comment!
Please enter your name here