ဇူလိုင်၊၁၈
ကချင်ပြည်နယ်၊ဗန်းမော်ခရိုင်၊ဒေါ့ဖုန်းယန်မြို့ အနီးမှာတစ်ဝိုက်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နဲ့ စစ်ကောင်စီတပ်တို့ စစ်ရေးလှုပ်ရှားမှုတွေ ရှိနေတဲ့အတွက် ဒေသခံပြည်သူတွေ တောင်ယာအခင်းနဲ့ လယ်လုပ်ကိုင်ဖို့ အခက်ကြုံနေရပါတယ်။
မြို့ပတ်ဝန်းကျင်တစ်လျှောက် နှစ်ဖက်တပ် နေရာယူစောင့်ကြပ်မှုတွေ ရှိနေတဲ့ အနေအထားကြောင့်သာမက စစ်ကောင်စီဘက်က စစ်ကြောင်းထိုးမှုတွေ ရှိနေတဲ့တွက်ကြောင့်ပါ ဒေသခံပြည်သူတွေဟာ မြို့နဲ့ တစ်မိုင်လောက်ဝေးတဲ့နေရာမှာ လယ်လုပ်သွားဖို့ ခက်ခဲနေကြတာပါ။
“တောင်ယာလည်း မသွားရဲကြတော့ဘူး။ လမ်းတွေရော ပိတ်သွားပြီ။ ဒေါ့ဖုန်းကနေ နမ်ဆန်ယန် တစ်လျှောက်လမ်းတွေ ပိတ်သွားပြီ။“လို့ ဒေါ့ဖုန်းယန်ဒေသခံတစ်ဦးက ပြောပါတယ်။
နမ်ဆန်ယန်ကျေးရွာဘက်ကို ဇူလိုင်လ ၃ ရက်နေ့ကနေစပြီး မြစ်ကြီးနားနဲ့ ဝိုင်းမော်ဘက်ကနေ စစ်ကောင်စီတပ်သားတွေ စစ်ကြောင်း ဆက်တိုက်ထိုးနေပြီး ဗန်းမော်ဘက်ကနေပါ အကူစစ်ကြောင်းတွေ တက်လာနေတာ ဖြစ်တယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။
ဒေ့ါဖုန်းယန်ဒေသခံရဲ့ ပြောပြချက်အရ နမ်ဆန်ယန်ကျေးရွာဘက်ကို ဗန်းမော်ကနေ စစ်ကြောင်းထိုးလာတဲ့ အဖွဲ့သုံးဖွဲ့လောက်ရှိနေပြီဖြစ်ပြီး စစ်ကြောင်းတစ်ခုမှာ အင်အားအနည်းဆုံး ၈၀ လောက် ရှိတယ်လို့ သိရပါတယ်။
ဇူလိုင်လ ၁၇ ရက်နေ့ကလည်း ဒင်ဂါနဲ့ ခလားရွာကြားမှာ စစ်ကောင်စီစစ်ကြောင်းတစ်ကြောင်း မိုင်းဆွဲတိုက်ခိုက်ခံရတဲ့အပြင် ဒီကနေ့မနက် ၁၀ နာရီလောက်မှာလည်း ဒေါ့ဖုန်းယန်မြို့နဲ့ ၂ မိုင်လောက်ဝေးတဲ့ နေရာမှာ ပစ်ခတ်သံတွေ ကြားနေရတယ်လို့ ဆိုပါတယ်။
အခုလိုစစ်ကြောင်းတွေ လှုပ်ရှားနေတာကြောင့် လမ်းတွေပိတ်ဆို့ထားသလို ဖြစ်နေပြီး ဒေသခံပြည်သူတွေ အနေနဲ့ သွားရေး၊ လာရေးကအစ သတိထားသွားလာနေရပြီး ဒေါ့ဖုန်းယန်မြို့ဟာ မြစ်ကြီးနား-ဝိုင်းမော်-ဗန်းမော်လမ်းပေါ်မှာ တည်ရှိပါတယ်။







