စက်တင်ဘာ၊၂
အာဏာသိမ်းချိန်ကနေ အခုနှစ် ဩဂုတ်လကုန်အထိ နိုင်ငံရေးအကြောင်းပြချက်နဲ့ ဖမ်းဆီးခံခဲ့ရတဲ့ အမျိုးသမီး ၅,၆၀၀ ကျော်ရှိခဲ့ပြီး အမျိုးသမီး ၁,၀၀၀ ကျော် သတ်ဖြတ်ခံခဲ့ရတယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ နွေဦးတိုက်ပွဲအတွင်းမှ အကျဉ်းစံအမျိုးသမီးများ အချက်အလက်အရ သိရပါတယ်။
အာဏာသိမ်း သုံးနှစ်ကျော်ကာလအတွင်းမှာ နိုင်ငံတစ်ဝန်းက အမျိုးသမီး ၅,၆၄၉ ဦးဟာ နိုင်ငံရေး အကြောင်းပြချက်နဲ့ ဖမ်းဆီးခံခဲ့ရသလို အမျိုးသမီးစုစုပေါင်း ၁,၁၃၂ ဦးလည်း သတ်ဖြတ်ခံခဲ့ရကြောင်း ဆိုပါတယ်။
AAPP ရဲ့ အချက်အလက်တွေအရ သေဆုံးတဲ့ အကြောင်းပြချက်တွေဟာ လက်နက်ကြီး ပစ်ခတ်ခံရတာနဲ့ လေကြောင်းတိုက်ခိုက်ခံရတာအပြင် ဖမ်းဆီးခံရတဲ့နောက်ပိုင်း စစ်ကောင်စီရဲ့ စစ်ကြောရေး၊ရဲစခန်းနဲ့ အကျဉ်းထောင်တွေမှာ သတ်ဖြတ်ခံရတာတွေကြောင့်လည်း ဖြစ်တယ်လို့ သိရပါတယ်။
ဖမ်းဆီးခံရတဲ့နောက် စစ်ကောင်စီရဲ့ အကျဉ်းထောင်အတွင်းမှာ အမျိုးသမီး ၈ ဦး၊ ရဲစခန်းမှာ ၂ ဦးနဲ့ စစ်ကြောရေးမှာ ၄ ဦး တို့ သတ်ဖြတ်ခံခဲ့ရကြောင်း ဆိုထားပါတယ်။
အများဆုံးဖမ်းဆီးခံရတဲ့ အမျိုးသမီးတွေဟာ ရန်ကုန်တိုင်း၊ မန္တလေးတိုင်းနဲ့ စစ်ကိုင်းတိုင်းတို့ကဖြစ်ပြီးတော့ ကချင်ပြည်နယ်ကလည်း အမျိုးသမီး နှစ်ရာနီးပါး ဖမ်းဆီးခံခဲ့ရပါတယ်။
ရန်ကုန်တိုင်းထဲမှာ အမျိုးသမီး ၁,၄၄၀ ဦးဖမ်းဆီးခံခဲ့ရပြီး မန္တလေးတိုင်းက ၉၂၉ ဦး၊ စစ်ကိုင်း တိုင်းက ၇၀၅ ဦး၊ ပဲခူးတိုင်းက ၄၂၈ ဦး ၊တနင်္သာရီတိုင်းက ၄၂၄ ဦး၊ မကွေးတိုင်းက ၃၁၄ ဦးနဲ့ ဧရာဝတီတိုင်းက ၂၈၈ ဦးတို့အပြင် မွန်ပြည်နယ်က ၂၇၅ ဦး၊ ရှမ်းပြည်နယ်က ၂၄၉ ဦး ကချင်ပြည်နယ်က ၁၉၇ ဦး၊ ကရင်ပြည်နယ်က ၁၁၆ ဦး၊ ရခိုင်ပြည်နယ်က ၅၂ ဦး ၊ ချင်းပြည်နယ်က အယောက် ၅၀ ၊ ကယားပြည်နယ်က ၄၅ ဦး တို့သာမက နေပြည်တော်က ၈၃ ဦးနဲ့ နေရပ်မသိက ၅၄ ဦးတို့ဖြစ်တယ်လို့ ဖော်ပြထားတာပါ။
အာဏာစသိမ်းတဲ့အချိန်ကနေ စစ်အာဏာရှင်ဆန့်ကျင်တော်လှန်မှု ဆန္ဒပြပွဲတွေမှာ ဦးဆောင် ပါဝင်ခဲ့တဲ့ အမျိုးသမီးတွေဟာ စစ်ကောင်စီရဲ့ တရားလက်လွတ်ဖမ်းဆီးတာ၊ သတ်ဖြတ်တာ၊ ညှင်းပန်းနှိပ်စက်တာနဲ့ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်တာတွေကို ရင်ဆိုင်ကြုံတွေ့ရပေမဲ့ မဆုတ်မနစ် နွေဦးတော်လှန်ရေးမှာ ကြိုးပမ်းနေတာကိုလည်း AAPP က ဂုဏ်ပြုပြောဆိုထားပါတယ်။







