ဖားကန့်(လုံးခင်း)မှာ စစ်ကော်မရှင်နဲ့ KIA တို့ ပစ်ခတ်မှုဖြစ်ပွားနေ

2

 

နိုဝင်ဘာ၊၁၀

ကချင်ပြည်နယ် ဖားကန့်မြို့နယ် လုံးခင်းကျေးရွာဘက်မှာ ဒီကနေ့မနက် ၁၀ နာရီခွဲခန့်ကစပြီး စစ်ကော်မရှင်တပ်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)တပ်တို့ အပြန်အလှန် ပစ်ခတ်မှုတွေ ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

လုံးခင်းကျေးရွာမှာ စစ်ကော်မရှင်နဲ့ KIA/KPDF ပူးပေါင်းတပ်တွေကနေ လက်နက်ကြီးတွေနဲ့ပါ အပြန်အလှန် ပစ်ခတ်နေတာလို့ ဖားကန့်ဒေသခံ အမျိုးသားတစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်ကို ပြောပါတယ်။

လက်နက်ကြီးတွေပဲ ပစ်ခတ်နေကြတယ်တဲ့။လို့ အထက်ပါ အမျိုးသားက ပြောပါတယ်။

လုံးခင်းကျေးရွာအုပ်စု မှော်စီစာတောင်ပေါ်ဘုန်းကြီးကျောင်း၊ ဂေါက်ကွင်း၊ မျောက်ကုန်းနဲ့ လယ်ပြင် အနီးတွေမှာ စစ်ကော်မရှင်နဲ့ KIA/KPDF ပူးပေါင်းအပြန်အလှန်တပ်တွေ ပစ်ခတ်နေကြတာဖြစ်တယ်လို့ သိရပါတယ်။

ဖားကန့်ဒေသခံတွေတင်ထားတဲ့ လူမှုကွန်ရက်စာမျက်နှာမှာလည်း ပစ်ခတ်သံတွေကြားရတာ‌ကြောင့် လုံးခင်းကျေးရွာဘက်ကို လတ်တလော သွား/လာ တာတွေရှောင်ကြဖို့ ပြောဆိုထားတာကိုလည်း တွေ့ရပါတယ်။

ဒီကနေ့မနက် ၁၁ နာရီဝန်းကျင်မှာ မှော်စီစာကျေးရွာ ပေါ်ဦးလက်ဖက်ရည်ဆိုင် အနီးမှာ စစ်ကော်မရှင်ကား မိုင်းဆွဲတိုက်ခိုက်ခံရပြီး SKY- KTV အနီးမှာလည်း ဗုံးနှစ်လုံးပေါက်ကွဲခဲ့တယ်လို့ ဖားကန့်ဒေသခံတစ်ဦးရဲ့ ပြောပြချက်အရ သိရပါတယ်။

မနေ့ကလည်း မှော်စီစာလမ်းမကြီးအနီးနဲ့ ဂေါက်ကွင်းအနီးမှာ စစ်ကော်မရှင်ကား မိုင်းခွဲတိုက်ခိုက်ခံခဲ့ရပါတယ်။

စစ်ကော်မရှင်ကား မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် ဂေါက်ကွင်းအနီးက နေအိမ်တွေကို တစ်အိမ်ဝင်တစ်အိမ်ထွက် စစ်ဆေးခဲ့တယ်လို့ သိရပါတယ်။

ဖားကန့်ဒေသမှာ စစ်ကော်မရှင်တပ်က ရွေးကောက်ပွဲအတွက် နယ်မြေစိုးမိုးမှုရအောင် စစ်ကြောင်းထိုးလှုပ်ရှားမှုတွေ ပြုလုပ်နေတဲ့အတွက် KIA/KPDFပူးပေါင်းတပ်တို့ ကြားမကြာခဏဆိုသလို တိုက်ပွဲတွေဖြစ်ပွားနေတာပါ။

 

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here