ရေဘေးတိမ်းရှောင်နေရတဲ့ လဘန်နဲ့ နောင်းချိန်းကျေးရွာက လူဦးရေ(ဒေသခံနဲ့ စစ်ရှောင်စုစုပေါင်း) ၁,၀၀၀ ကျော်အတွက် အစားအသောက်နဲ့ရေသန့်တွေ လိုအပ်နေ

56
နောင်းချိန်းစစ်ရှောင်စခန်း

 

ဇွန်၊ ၂

ဧရာဝတီမြစ်ရေ မြင့်တက်လာကြောင့် ဝိုင်းမော်မြို့ လဘန်ကျေးရွာနဲ့ နောင်းချိန်းကျေးရွာက စာသင်ကျောင်း၊ဘုရားကျောင်းဝင်းအတွင်း ခိုလှုံနေတဲ့ လူဦးရေ ၁,၀၀၀ ကျော် အတွက် အစားအစာနဲ့ သောက်ရေသန့်တွေ လိုအပ်နေတယ်လို့ သိရပါတယ်။

အရင်ကတည်းက စားဝတ်နေရး ခက်ခဲနေတဲ့ စစ်ရှောင်တွေဟာ ရေဘေးနဲ့ကြုံရတဲ့အခါ ပိုပြီး ခက်ခဲရတယ်လို့ လဘန်စစ်ရှောင်တစ်ဦးက ပြောပါတယ်။

စားဖို့ခက်ခဲနေတယ်။ စားဖို့သောက်ဖို့က မရှောင်ရင်တောင်ခက်နေတယ်ဆိုမှ ရေဘေးပြန်ကြုံတော့ တချို့ဆိုရင် ဆန်အိတ်တွေကို မိုးကာနဲ့အုပ်ထားခဲ့ပေမယ့် စင်ပေါ်မှာမဟုတ်ဘဲ မြေပေါ်မှာ ဒီအတိုင်းထားထားတာဆိုတော့ ရေဝင်သွားလို့ အစားအစာလိုအပ်နေပါတယ်။“လို့ အထက်ပါစစ်ရှောင်က ဆိုပါတယ်။

လတ်တလောမှာ ရေဘေးရှာင် စစ်ရှောင်ပြည်သူတွေနဲ့ ရွာအတွင်းက ဒေသခံပြည်သူတွေဟာ အစားအသောက်တွေ အပ်နေတာလို့ နောင်းချိန်းစစ်ရှောင်စခန်းတာဝန်ခံကလည်း ပြောပါတယ်။

ရေဘယ်အချိန်ခမ်းသွားမလဲဆိုတာ မသိနိုင်တဲ့အပြင် ရေခမ်းသွားချိန် ဘယ်လောက်ထိပျက်စီးပြီး ဆုံးရှုံးသွားမလဲဆိုတာကိုလည်း မသိနိုင်တဲ့အခြေအနေ ဖြစ်နေတာလို့ ဆိုပါတယ်။

မနှစ်ရေကြီးရေလျှံဖြစ်တုန်းကလည်း တဲတွေပျက်စီးသွားတာကြောင့် ပြုပြင်စရိတ်တွေများခဲ့ရပြီး စခန်းတွင်းပြန်လည်ထူထောင်ရေးအတွက် စရိတ်တွေကုန်ခဲ့ရတယ်လို့လည်း ဆိုပါတယ်။

လွန်ခဲ့တဲ့ မေလ ၃၁ ရက်နေ့ညက ရွာအတွင်း မြစ်ရေတိုးလာတဲ့အတွက် နောင်းချိန်းကျေးရွာရှိ စစ်ရှောင်စခန်း ၄ ခုနဲ့ ရွာအတွင်းရှိ အိမ်ခြေ ၆၀ နဲ့ လဘန်ကျေးရွာက စစ်ရှောင်စခန်းတစ်ခုတို့ ပြောင်းရွေ့နေရတာ ဖြစ်ပါတယ်။

အထက်ပါစစ်ရှောင်ပြည်သူတွေဟာ လွန်ခဲ့တဲ့ ၂၀၂၄ ခုနှစ် မတ်လက ဖြစ်ပွားခဲ့တဲ့ စစ်ကောင်စီနဲ့ KIA တို့ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲကြောင့် စစ်ရှောင်လာခဲ့တဲ့ ရွှေညောင်ပင်ကျေးရွာနဲ့ အောင်မြေ(၁/၂)၊ ကဇူးယန် အစရှိတဲ့ ကျေးရွာတစ်လျှောက်က စစ်ရှောင်ပြည်သူတွေ ဖြစ်ပါတယ်။

လက်ရှိအချိန်မှာတော့ စိုးရိမ်ရေအမှတ်အထက် ၁,၂၀၅ စင်တီမီတာကို ရောက်ရှိနေတဲ့ မြစ်ကြီးနားမြို့ ဧရာဝတီမြစ်ရေဟာ နာရီဝက်(မိနစ် ၃၀) ကို ၅ စင်တီမီတာနှုန်းနဲ့ ပြန်လည်ကျဆင်းလျက် ရှိနေပါတယ်။

 

LEAVE A REPLY

Please enter your comment!
Please enter your name here