လီဒိုလမ်းမပေါ်က ခွန်စိုင်ယန်ကျေးရွာမှာ အမျိုးသားလေးဦးကို စစ်ကောင်စီပစ်သတ်

218

 

ဒီဇင်ဘာ၊၁၈

ကချင်ပြည်နယ် ဖားကန့်မြို့နယ် လီဒိုလမ်းမပေါ်က ခွန်စိုင်ယန်ကျေးရွာမှာ ဒီဇင်ဘာလ ၁၇ ရက်နေ့ မနက် ၉ နာရီခွဲခန့်က စစ်ကောင်စီတပ်က ပစ်ခတ်ခဲ့တာကြောင့် အမျိုးသားလေးဦး ထိခိုက်သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ခွန်စိုင်ယန်ကျေးရွာက ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ဂိတ်ဖြုတ်သိမ်းပြီးတဲ့နောက် စစ်ကောင်စီတပ်နဲ့ လက်အောက်ခံမင်းဇေသန့်အဖွဲ့တွေ ရောက်လာပြီး ပစ်ခတ်ခဲ့တာဖြစ်တယ်လို့ ဖားကန့်ဒေသခံအမျိုးသားတစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်ကို ပြောပါတယ်။

ခွန်စိုင်ယန်ကျေးရွာထိပ်မှာ ဂိတ်ထိုင်နေတဲ့ KIA တွေက ဂိတ်ဖြုတ်သိမ်းပြီးတဲ့အတွက် ပြန်သွားပြီ။ အဲဒီမှာ လာကူညီတဲ့သူတွေရှိတယ်။ စစ်ကောင်စီတပ်နဲ့ မင်းဇေသန့်အဖွဲ့တွေပေါင်းပြီး လာပစ်သွားတယ်။လို့ အထက်ပါအမျိုးသားကပြောပါတယ်။

စစ်ကောင်စီတပ်နဲ့ လက်အောက်ခံမင်းဇေသန့်အဖွဲ့က ကားလေးစီးနဲ့ ဒွမ်ဘန်ကျေးရွာဘက်ကနေလာပြီး ပစ်ခတ်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

စစ်ကောင်စီက ပစ်ခတ်ခဲ့တဲ့အတွက် ဒေသခံအမျိုးသားလေးဦးသေဆုံးခဲ့ပြီး နောက်ထပ်အမျိုးသားနှစ်ဦး ထိခိုက်ဒဏ်ရာပြင်းထန်တယ်လို့ ဒေသခံတစ်ဦးရဲ့ ပြောပြချက်အရ သိရပါတယ်။

ဒေသခံတွေရဲ့ ပြောကြားချက်အရ ထိခိုက်သေဆုံးသွားတဲ့ အမျိုးသားလေးဦးကို ဝါရာဇွပ်ပြည်သူ့စစ်ခေါင်းဆောင် မင်းဇေသန့်အဖွဲ့က ပစ်ခတ်ခဲ့တာဖြစ်တယ်လို့ သိရပေမဲ့ မြစ်ကြီးနားသတင်းဂျာနယ်အနေနဲ့ သီးခြားအတည်ပြုနိုင်တာတော့ မရှိသေးပါဘူး။

မင်းဇေသန့်ဦးဆောင်တဲ့အဖွဲ့တွေဟာ ဖားကန့်နဲ့တနိုင်းသွားလမ်းဖြစ်တဲ့ လီဒိုလမ်းမတစ်လျှောက်မှာ လှုပ်ရှားနေတဲ့အဖွဲ့ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဧပြီလကစပြီး မြစ်ကြီးနား-ဖားကန့်လမ်းတစ်လျှောက်က စစ်ကောင်စီတပ်စခန်းအများပိုင်းကို KIA၊KPDF ပူးပေါင်းတပ်တွေက ထိုးစစ်ဆင်ပြီး တိုက်ခိုက်သိမ်းပိုက်ခဲ့ပါတယ်။

 

LEAVE A REPLY

Please enter your comment!
Please enter your name here