ဖုန်းနဲ့အင်တာနက် ဖြတ်တောက်ခံထားရတဲ့ ဖားကန့်ဒေသမှာ စက်သုံးဆီဈေးနှုန်း၊ ကုန်စည်ဈေးနှုန်းတွေ မြင့်တက်

214

 

ဩဂုတ်၊၂၀

ဖုန်းနဲ့အင်တာနက် ဖြတ်တောက်ခံထားရတဲ့ ကချင်ပြည်နယ်မြို့တွေထဲက တစ်ခုဖြစ်တဲ့ ဖားကန့်ကျောက်စိမ်းတွင်း ဒေသမှာ စက်သုံးဆီဈေးနှုန်း၊ ကုန်စည်ဈေးနှုန်းတွေ မြင့်တက်နေပြီး ဓါတ်ဆီတစ်လီတာကို ကျပ် ၁၀,၀၀၀ အထိ ပေးဝယ်နေရတယ်လို့ ဖားကန့်ဒေသခံတွေဆီကနေ သိရပါတယ်။

ဒီနေ့ (92)တောင် ပြတ်သွားပြီး ခုနက ဆီဆိုင်မှာမေးကြည့်တာ ဆီမကျန်တော့ဘူး။”လို့ ဖားကန့်ဒေသခံ အမျိုးသားတစ်ဦးက ပြောပါတယ်။

ဖားကန့်မှာ ဆီပန့်ဆိုင်အများပိုင်း ပိတ်ထားပြီး တချို့ဆီပန်ဆိုင်တွေကတော့ အချိန်အကန့်အသတ်နဲ့ ရောင်းပေးနေတယ်လို့လည်း သိရပါတယ်။

ဖားကန့်ဒေသမှာ ဖုန်းလိုင်းတွေ ပိတ်နေတဲ့အတွက် အဆက်အသွယ်တွေ ပြတ်တောက်သွားတာကြောင့် ကုန်ဈေးနှုန်းတွေ မြင့်တက်သွားတာဖြစ်တယ်လို့ နောက်ထပ် ဖားကန့်ဒေသခံ အမျိုးသားကတစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်ကို ပြောပါတယ်။

ကုန်ဈေးနှုန်းက ဒီဖုန်းလိုင်းတွေပိတ်ပြီးတဲ့နောက် တစ်ဆလောက်ကိုက ခုန်တက်သွားတယ်လို့ ပြောလို့ရတယ်။ ရေကြီးတာတွေ လမ်းပျက်တာတွေထက် ပိုဆိုးတယ်။ ဒါပြည်သူတွေကို ဒုက္ခပေးခြင်း လှလှကြီးတစ်မျိုးပဲလို့ ကျွန်တော်ကတော့ မြင်တယ်။”လို့ အထက်ပါ အမျိုးသားက ပြောပါတယ်။

ဖားကန့်မြို့နယ်မှာ ဖုန်းလိုင်းတွေမရသေးတဲ့အတွက် ဈေးသည်တွေအနေနဲ့ ကုန်ပစ္စည်းတွေ မှာလို့မရတာကြောင့် မြစ်ကြီးနားအထိဆင်းပြီး ကုန်ပစ္စည်းတွေ မှာကြရတယ်လို့ သိရပါတယ်။

ဖားကန်- မြစ်ကြီးနား ယာဉ်စီးခဈေးနှုန်းတွေလည်း အရင်ကထက် ဈေးနှုန်းမြှင့်တက်လာပြီး ခရီးသည်တစ်ဦးကို ငွေကျပ်တစ်သိန်းကျော်အထိပေးပြီး ခရီးသွားနေရတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လ ၂၁ ရက်နေကစပြီး ကချင်ပြည်နယ်က မြို့နယ်အများပိုင်းမှာ MPT၊ Ooredoo၊Mytelနဲ့ Atom ဖုန်းလိုင်းနဲ့ အင်တာနက်လိုင်းတွေ ပြတ်တောက်ခဲ့တာဖြစ်ပြီး ဆက်သွယ်ရေးလိုင်းတွေမရတာ တစ်လနီးပါးကြာပြီဖြစ်ပါတယ်။

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here