မေ၊ ၁၂
ကချင်ပြည်နယ်၊ မြစ်ကြီနား- မြစ်ဆုံလမ်းပေါ်မှာရှိတဲ့ အာလမ်ကျေးရွာအုပ်စုက လမုန်ဇွပ်ကျေးရွာမှာ ရွှေတူးဖော်မှု ဝင်ရောက်လုပ်ကိုင်သူတွေ ဇွန်လ(၄)ရက်နေ့ကနေ ရပ်နားလိုက်ကြပြီလို့ သိရပါတယ်။
လက်ရှိ ရွာရဲ့ အထက်ဘက်ပိုင်းနဲ့ အောက်ဘက်ပိုင်းမှာတော့ ရွှေတူးဖော်တဲ့ လုပ်ကွက်မှာ စက်ယန္တရားပစ္စည်းတွေ၊ ကားတွေ အားလုံးမရှိတော့ဘူးလို့ ဒေသခံရဲ့ ပြောပြချက်အရ သိရပါတယ်။
“တရုတ်ဆိုဒ်ကတော့ လုံးဝ သိမ်းသွားပြီ။ ကားတွေရော ဘာမှ မရှိတော့ဘူး။” လို့ လမုန်ဇွပ်ဒေသခံတစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်ကို ပြောပါတယ်။
မတ်လဆန်းကနေ အမည်မသိသူတွေကနေ ကုမ္ပဏီလို ဝင်ရောက်လာပြီး လမုန်ဇွပ်ကျေးရွာရဲ့ ရွာအထက်၊ အလယ်၊ အောက် နေရာအနှံ့ ဘက်ဟိုးကားကြီး၊ Loader (မြေကော်စက်ကြီး)တွေ၊ မြေသယ်ကားကြီးတွေနဲ့ နေ့၊ည မရပ်မနား ရွှေတူးခဲ့ကြတာ ဖြစ်တယ်လို့ သိရပါတယ်။
ရွှေတူးဖော်မှု သုံးလလောက်အကြာမှာတော့ ကုန်းမြေဘက်က မြေဧက ၃၀ ထက်မနည်း ရွှေတူးဖော်မှုကြောင့် ပျက်စီးသွားပြီးလို့လည်း ဒေသခံရဲ့ ပြောပြချက်အရ သိရပါတယ်။
တူးဖော်မှုကြောင့် ပျက်စီးသွားတဲ့ မြေဧကတွေကို မြေပြန်ဖို့ပေးသွားတာမျိုး မရှိတဲ့အတွက် မိုးရာသီမှာ ရွာအတွင်း ရေကြီး၊ ရေလျှံ အန္တရာယ်ကြုံလာမှာကို စိုးရိမ်နေကြတယ်လို့ ဆိုပါတယ်။
“ပြန်ပြီးတော့ ဖို့ပေးရင်တော့ ကောင်းတာပေါ့။ ရွာပတ်လမ်းနဲ့ ကပ်ပြီး တူးထားတဲ့ အခါကျတော့ ရွာပတ်လမ်းတွေ ပြိုကျသွားပြီးတော့ ရေလမ်းကြောင်းက ရွာဘက်ကို ထိုးလာမှာ ကြောက်ရတယ်”လို့ ဒေသခံက ဆိုပါတယ်။
လမုန်ဇွပ်ကျေးရွာဟာ ကြီးနားမြို့နဲ့ ၁၁ မိုင်လောက် ဝေးပြီး အိမ်ခြေ ၄၀ ကျော်ရှိပြီးတော့ လူဦးရေ ၂၀၀ ကျော် နေထိုင်တဲ့ ရွာတစ်ခုလည်းဖြစ်ပါတယ်။







