ဒေသခံများကန့်ကွက်မှုကြောင့် မန်ပန်ကျေးရွာတွင် ရွှေတူးဖော်မှုရပ်နားထားသော်လည်း ထွက်ခွာခြင်းသွားခြင်းမရှိသေး

265

 

ဩဂုတ်၊၂၉

ဖားကန့်မြို့နယ်၊ ဒွမ်ဘန်ကျေးရွာအုပ်စု၊ မန်ပန်ကျေးရွာအနီးက ခမာချောင်းတစ်လျှောက်မှာ ရွှေတူးဖော်မှုတွေ ရပ်နားထား‌ပေမဲ့ ထွက်ခွာသွားတာမျိုးတော့ မရှိဘူးလို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

ဩဂုတ်လ ၇ ရက်နေ့က ဒွမ်ဘန်နဲ့ မန်ပန်ကျေးရွာက တာဝန်ရှိသူတွေကနေ ရွှေတူးဖော်သူတွေကို အခုလ ၂၀ ရက်နေ့ အပြီးထွက်ခွာသွားဖို့ ပြောဆိုထားခဲ့တာဖြစ်ပြီး စက်သေးနဲ့ ရွှေတူးဖော်သူ‌တွေနဲ့ လောင်းကစားဝိုင်းနဲ့ ဈေးရောင်းသူအချို့သာ သတ်မှတ်ရက်နဲ့အညီ ထွက်ခွာသွားပြီး မုံဆိုင်း ၄၀ (ရွှေတူးဖော်ရာအတွင်း အသုံပြုသည့် စက်ဆိုင်းငယ်) လောက်ကတော့ ထွက်သွားတာမျိုး မရှိဘူးလို့ ဒေသခံအရပ်သားပြည်သူတစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်ကို အခုလို ပြောပါတယ်။

“နားပဲ နားထားတယ်။ ထွက်သွားတာ မရှိသေးဘူး။ ရေကြီးလို့ ထွက်မရဘူးဆိုတဲ့ အကြောင်းပြချက်နဲ့ပေါ့။ မထွက် ထွက်အောင် နည်းလမ်းထုတ်ပြီး ကြိုးစားမယ်”လို့ ဒေသခံက ဆိုပါတယ်။

ရွှေတူးဖော်မှုတွေကြောင့် ဒေသခံပြည်သူတွေရဲ့ စားကျက်မြေ ထိခိုက်ပျက်စီးသွားပြီဖြစ်ပြီး လယ်ယာမြေအတွက် အဓိကထားသုံးနေတဲ့ အထက်ပါချောင်း ထပ်မံမပျက်စီးအောင် တားဆီးရမယ်လို့ ဒေသခံက ဆက်လက်ပြောပါတယ်။

“ကျွဲ၊ နွား ကျောင်းတဲ့ စားကျက်ကပျက်ပြီ။ ခုနားလိုက်ရင် လယ်မှာ သုံးလို့ရသေးတယ်(ချောင်းရေအသုံးပြုခြင်း)။ မနားရင်တော့ လယ်မှာ သုံးဖို့ပါ ခက်သွားမှာ။ အဲဒါကြောင့် လုံးဝ ရပ်နားလိုက်ဖို့ တောင်းဆိုနေတာပါ”လို့ ဒေသခံက ဆိုပါတယ်။

၂၀၂၂ခုနှစ် အောက်တိုဘာလကနေစပြီး ခမာချောင်းအနီး ဘက်ဟိုးတွေသုံးပြီးတော့ ရွှေဆိုင်း ၆ ခုလောက်နဲ့ ရွှေတူးဖော်မှု စတင်လာကြတာဖြစ်ပြီး မုံဆိုင်း ၄၀ လောက် ဝင်ရောက် တူးဖော်ခဲ့ကြတာ ဖြစ်ပါတယ်။

အထက်ပါ ခမာချောင်းတစ်လျှောက် ရွှေတူးဖော်နေတာတွေကို ဒေသခံတွေအနေနဲ့ အစပိုင်းက ကန့်ကွက်ခဲ့ပေမဲ့ ဘယ်အဖွဲ့အစည်းကမှ အရေးယူဖြေရှင်းပေးတာ မရှိတဲ့အတွက် ချောင်းအနီးမှာရှိတဲ့ မြေဧက ၄၀ ထက်မနည်း ပျက်စီးသွားပြီလို့ဒေသခံတွေက ဆိုပါတယ်။

 

LEAVE A REPLY

Please enter your comment!
Please enter your name here