စက်တင်ဘာ၊၄
စစ်ကောင်စီစစ်ကြောင်းတွေကနေ မြလယ်ကျေးရွာကနေအိမ်တွေကို ဖျက်ဆီးခဲ့တာကြောင့် ပြန်လုပ်ဆောက်လုပ်ဖို့အတွက် အကူအညီတွေ လိုအပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ကချင်ပြည်နယ်၊ဗန်းမော်မြို့နယ်၊ မြလယ်ကျေးရွာက နေအိမ်တွေကို လွန်ခဲ့တဲ့ ဩဂုတ်လဆန်းလောက်မှာ စစ်ကောင်စီစစ်ကြောင်းတွေကနေ ဝင်ရောက်ဖျက်ဆီးခဲ့တာကြောင့် ပြန်လည်ပြုပြင်နိုင်ဖို့အတွက် အကူအညီတွေ လိုအပ်နေတာပါ။
ဒေသခံတွေဟာ မိမိတို့နေအိမ် ပြန်လည်တည်ဆောက်ဖို့နဲ့ ပြုပြင်ဖို့ ငွေကြေးမရှိတဲ့အတွက် အကူအညီလိုအပ်နေတယ်လို့ နေအိမ်ဖျက်ဆီးခံခဲ့ရတဲ့ မြလယ်ကျေးရွာဒေသခံ အမျိုးသမီးတစ်ဦးက ပြောပါတယ်။
“ကျွန်မတို့ အရမ်းခက်တဲ့သူတွေကတော့ တစ်ခေါက်အိမ်ဆောက်ပြီးပြီဆိုရင် ပျက်စီးသွားလို့ နောက်တစ်ခေါက် ပြန်လုပ်ယူဖို့က ခက်ခဲတဲ့အတွက် အခုကတော့ ဆွေမျိုးအသိုင်းအဝိုင်းတွေဆီမှာ ခိုလှုံနေကြတာဟုတ်တယ်။”လို့ ဆိုပါတယ်။
မြေပြင်စစ်ကောင်စီစစ်ကြောင်းကနေ မီးရှို့ဖျက်ဆီးခဲ့တဲ့ နေအိမ် ၁၅ လုံးရှိပြီး လေယာဉ်နဲ့ဗုံးကြဲတိုက်ခိုက်တာကြောင့် ပျက်စီးသွားတဲ့နေအိမ် ၁၀ လုံးလောက်ရှိတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် စပါးကျီတွေလည်း ပျက်စီးသွားတဲ့အပြင် သိုလှောင်ထားတဲ့ စပါးတွေပါ ပျက်စီးသွားတာကြောင့် လတ်တလော စားဖို့အတွက်သာမက နောက်နှစ်အတွက်ပါ စိုးရိမ်နေရတယ်လို့လည်း သိရပါတယ်။
အခုလို စစ်ကောင်စီကနေ နေအိမ်တွေကို မီးရှို့ရတာဟာ ရွာအတွင်း ကချင်လွတ်လပ်ရေးတပ်မတော် (KIA) တပ်သားတွေ ရှိတယ်လို့ယူဆပြီး လုပ်ဆောင်တာဖြစ်တယ်လို့လည်း ဆိုပါတယ်။
အဲဒါကြောင့် စစ်ကောင်စီကနေ မြလယ်ကျေးရွာကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာတွေ လုပ်လာတဲ့အတွက် ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်ခဲ့ရတာပါ။
ဒေသခံတွေ တိမ်းရှောင်ပြီးတဲ့နောက် KIAနဲ့ စစ်ကောင်စီစစ်ကြောင်းတို့ တိုက်ပွဲတွေ ဖြစ်ပွားပြီး စစ်ကောင်စီက နေအိမ်တွေကို မီးရှို့ဖျက်ဆီးတဲ့အပြင် လေယာဉ်နဲ့ ဗုံးကြဲတာတွေအထိ ပြုလုပ်ခဲ့ကြတယ်လို့ နောက်ထပ်ဒေသခံ အမျိုးသမီးတစ်ဦးဆီက သိရပါတယ်။
လက်ရှိအချိန်မှာတော့ နှစ်ဖက်တပ် ရွာအတွင်းမရှိတော့တာကြောင့် ဒေသခံတွေ ပြန်လည်နေထိုင်နေကြပြီး နေအိမ်မီးရှို့ခံရတဲ့သူတွေနဲ့ နေအိမ်ပျက်စီးသွားတဲ့သူတစ်ချို့က ဘုရားကျောင်းဝင်းတွေမှာ ခိုလှုံနေကြပြီးတော့ တချို့က နီးစပ်ရာဆွေမျိုး အသိုင်းအဝိုင်းတွေဆီမှာ သွားရောက်ခိုလှုံနေကြတယ်လို့ သိရပါတယ်။







