ဇွန်၊၁၂
ကချင်ပြည်နယ်၊ မိုးကောင်းမြို့က အထက်တန်းကျောင်းတွေမှာ ကျောင်းပြောင်းလက်မှတ်(TC)အတွက် ငွေကြေးကောက်ခံမှုတွေ ရှိနေတယ်လို့ ကျောင်းသားမိဘတွေက ပြောပါတယ်။
မိုးကောင်းမြို့က အထက်တန်းကျောင်းတွေဖြစ်တဲ့ အထက-၁၊ အထက-၂၊ အထက-၃ နဲ့ ကျောင်းတော်တော်များများမှာ ကောက်ခံနေတာဖြစ်တယ်လို့ ကျောင်းသားမိဘတစ်ဦးက ပြောပါတယ်။
“ကျောင်းပြောင်းလက်မှတ်တွေယူတာကို ရန်ပုံငွေဆိုပြီးမှ ကောက်ခံတာပေါ့။ အရင်နှစ်တုန်းကလည်း ရှိတယ်။ မကောက်ခိုင်းစေချင်ဘူး။” လို့ဆိုပါတယ်။
ငွေကြေးကောက်ခံတာမထည့်ရင် ကျောင်းပြောင်းလက်မှတ် မထုတ်ပေးဘူးဆိုတာမျိုးကို အတိအကျ ကြားသိရတာမရှိပေမဲ့ ကျောင်းပြောင်းချင်တဲ့ သူတွေကတော့ ထည့်ပြီးယူကြတယ်လို့ ဆိုပါတယ်။
အဲဒီလို ကျောင်းပြောင်းလက်မှတ် ရယူနိုင်ဖို့အတွက် အလှူငွေ၊ ရန်ပုံငွေအနေနဲ့ စေတနာရှိသလောက် ထည့်ရတာရှိသလို တချို့ကျောင်းတွေဆိုရင် တစ်သိန်းသတ်မှတ်ပြီး ကောက်ခံတာလည်းရှိတယ်လို့ ကြားသိရကြောင်း နောက်ထပ်ကျောင်းသားမိဘတစ်ဦးက ပြောပါတယ်။
“တချို့တွေကျတော့လည်း ကျောင်းမပြောင်းစေချင်လို့ ကောက်တာတဲ့။ ဒါပေမဲ့လည်း တကယ်ကောက်နေတဲ့ဟာတွေလည်း ကောက်နေတာ။ တချို့တွေကျတော့လည်း တစ်သိန်းတောင် တောင်းတယ်တဲ့။ တချို့ကျတော့လည်း ငါးသောင်းတဲ့။ ပြောင်းချင်တဲ့သူကတော့ ပေးရတာပေါ့။” လို့ပြောပါတယ်။
အရင်နှစ်တုန်းက အခုနှစ်ထက် ငွေကြေးကောက်ခံတာဆိုးတယ်လို့ ကျောင်းသားမိဘတွေရဲ့ ပြောပြချက်အရ သိရသလို မိုးကောင်းမြို့က ကျောင်းတွေသာမက နမ္မတီးမြို့က ကျောင်းမှာလည်း အခုလိုကောက်ခံတာ ရှိတယ်လို့ ကြားသိရပါတယ်။
ကျောင်းပြောင်း(TC)လက်မှတ်အတွက် ငွေကြေးကောက်ခံတာတွေကို ကျောင်းကလုပ်ပိုင်ခွင့်မရှိသလို တိတိကျကျသိရှိရရင် အရေးယူမှုတွေ ပြုလုပ်မှာဖြစ်တယ်လို့ မိုးညှင်းခရိုင်ပညာရေးမှူးက မြစ်ကြီးနားသတင်းဂျာနယ်ကို ပြောပါတယ်။







