ငြိမ်းချမ်းရေးဖိတ်ခေါ်ပြီး နာရီပိုင်းအကြာ စစ်ကောင်စီက လာရှိုးကိုဗုံးကြဲ၊ ဒီလထဲ လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးသူ ၁၄၀ ထိရှိလာ

138

 

စက်တင်ဘာ၊ ၂၇

တိုင်းရင်းသားတော်လှန်ရေး လက်နက်ကိုင်အဖွဲ့တွေအနေနဲ့ ရွေးကောက်ပွဲ လမ်းကိုလျှောက်ပြီး နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းနဲ့ဖြေရှင်းဖို့ စစ်ကောင်စီက ထုတ်ပြန်ပြီး နာရီပိုင်းအကြာမှာပဲ MNDAA က သိမ်းထားတဲ့ လားရှိုးမြို့ကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လိုက်ပါတယ်။

ဗုံးကြဲတိုက်ခိုက်မှုကို ဒီနေ့မနက် ၃ နာရီကျော်က ပြုလုပ်ခဲ့တာဖြစ်ပြီး အနည်းဆုံး ဗုံး ၉ လုံးကို ၃ ကြိမ် ကြဲချခဲ့တာလို့ မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော်၊ ကိုးကန့်အဖွဲ့ (MNDAA) က

ဒီနေ့ မနက်ထုတ်ပြန်ထားပါတယ်။

တိုက်ခိုက်ခံခဲ့ရတဲ့နေရာတွေကတော့ လားရှိုး ရပ်ကွက် ၂ မြို့မစျေးကြီး အနီးတဝိုက်က လူနေရပ်ကွက်တွေနဲ့ ရပ်ကွက် ၁ က လူနေရပ်ကွက်တွေဖြစ်ပြီး အဲဒီလို ဗုံးကြဲခံရမှုကြောင့် ပြည်သူ ၂ ဦး သေဆုံးပြီး ၆ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ MNDAA က ဆိုပါတယ်။

အခုလို ဗုံးကြဲမှုမလုပ်ခင် စက်တင်ဘာလ ၂၆ ရက်နေ့ညပိုင်းမှာတော့ စစ်ကောင်စီဟာ ငြိမ်းချမ်းရေးအတွက်ဆိုပြီး တိုင်းရင်းသား တော်လှန်ရေး လက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ ပြည်သူ့ကာကွယ်တပ်ဖွဲ့ (PDF) တွေကို လက်နက်ကိုင်လမ်းစဉ် စွန့်လွတ်ပြီးတော့ ပါတီနိုင်ငံရေးလမ်းကြောင်း ဒါမှမဟုတ် ရွေးကောက်ပွဲလမ်းကြောင်းကနေ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းနဲ့ ဖြေရှင်းကြဖို့ ထုတ်ပြန်ခဲ့တာပါ။

အဲဒီနောက် တစ်ရက်မပြည်ခင် နာရီပိုင်းအကြာမှာပဲ MNDAA က သိမ်းပိုက်ထားတဲ့ လားရှိုးမြို့ကို ဗုံးကြဲတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

အဲဒီမတိုင်ခင် စက်တင်ဘာလ ၂၆ ရက်နေ့ မနက်ပိုင်းကလည်း ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်က စစ်ဘေးရှောင်တွေ နေနေတဲ့နေရာကို စစ်ကောင်စီနဲ့ လေယာဉ်နဲ့ဗုံးကြဲခဲ့ပြီး အဲဒီတိုက်ခိုက်မှုမှာလည်း ကလေးတွေနဲ့ သက်ကြီးရွယ်အိုတွေအပါအဝင် ၁၃ ဦး ထက်မနည်း သေဆုံးခဲ့ပါသေးတယ်။

မြစ်ကြီးနားသတင်းဂျာနယ်က လက်လှမ်းမီသလောက်စုဆောင်းထားတဲ့ အချက်အလက်တွေအရ အခုလ စက်တင်ဘာ ၁ ရက်နေ့ကနေ ဒီနေ့ ၂၇ နေ့ မနက်ပိုင်းအထိ စစ်ကောင်စီရဲ့ ဗုံးကြဲမှုကြောင့် စုစုပေါင်း သေဆုံးသူ ၁၄၀ ဦး သေဆုံးခဲ့ပြီး ဒဏ်ရာရှိသူကတော့ ၁၂၉ ဦး ရှိနေပါတယ်။

သေဆုံးသူတွေထဲမှာ ဖမ်းမိထားတဲ့ စစ်ကောင်စီတပ်ရဲ့ သုံ့ပန်းတွေပါဝင်သလို၊ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေ၊ ကလေးသူငယ်တွေ၊ ကိုယ်ဝန်ဆောင်တွေနဲ့ သက်ကြီးရွယ်အိုတွေ လည်း ပါဝင်ပါတယ်။

စစ်ကောင်စီဗုံးကြဲလို့ လူသေဆုံး၊ ထိခိုက်ခဲ့တဲ့ နေရာတွေကတော့ ရှမ်းပြည်နယ်မြောက်ပိုင်းက နောင်ချို၊ သီပေါ၊ လားရှိုး၊ နမ့်ခမ်း၊ ရှမ်း-ကရင်နီပြည်အစပ်က ဖယ်ခုံ၊ ကရင်နီပြည်က ဒီးမော့ဆို၊ နန်းမယ်ခုံ၊ ရခိုင်ပြည်နယ်က မောင်တောင်၊ ပေါက်တော၊ ကမ်းထောင်းကြီး၊ တောင်ကုတ်၊ သံတွဲ၊ ပဲခူးတိုင်းက ရေတာရှည်၊ မကွေးတိုင်းက မြိုင်၊ မန္တလေးတိုင်းက ငါန်းဇွန်နဲ့ စစ်ကိုင်းတိုင်းက ထီးချိုင့်မြို့နယ်တို့မှာ ဖြစ်ပါတယ်။

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here