ဒွမ်ဘုံးကျေးရွာတွင် ကလေးငယ်များငှက်ဖျားအဖြစ်များနေပြီး ဆေးဝါးအကူအညီများ လိုအပ်

257

ဇူလိုင်၊၁၃

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်(တနိုင်း-လီဒိုလမ်း)၊ ဒွမ်ဘုံးကျေးရွာမှာ အသက် ၇ နှစ်ကနေ ၁၃ နှစ်အရွယ်ကြား ကလေးတွေ ငှက်ဖျားရောဂါ အဖြစ်များနေပြီး ဆေးဝါးအကူအညီ‌တွေ လိုအပ်နေတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ မေလကနေ ဇွန်လအတွင်း ကလေး၊ လူကြီးတွေ အယောက် ၅၀ ထက်မနည်း ငှက်ဖျားရောဂါ ဖြစ်ပွားခဲ့ပြီး လက်ရှိမှာတော့ ရွာအတွင်းက ကလေးတွေ ၁၀ ဦးကျော်လောက် ငှက်ဖျားဖြစ်နေတယ်လို့ ဒွမ်ဘုံးကျေးရွာဒေသခံတစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်ကို အခုလိုပြောပါတယ်။

“ဆေးကမရှိ ငှက်ဖျားတွေက ဖြစ်နေတာ။ ဆေးခန်းလည်းမရှိတော့ အိမ်နီးချင်းတွေဆီက ဆေးတွေ တောင်းသောက်တယ်။ မရှိဆင်းရဲ ခက်ခဲတော့ တိုင်းရင်ဆေးတွေ သောက်နေတယ်”လို့ ဒေသခံက ဆိုပါတယ်။

ဒွမ်ဘုံးကျေးရွာမှာ အရင်က ကျေးလက်ဆေးခန်းမှာ တာဝန်ကျ ဆရာ/မ ရှိပေမဲ့ စစ်ကောင်စီကနေ အာဏာသိမ်းပြီးတဲ့နောက် တာဝန်ကျဝန်ထမ်းတွေ မရှိတော့ဘူးလို့လည်း သိရပါတယ်။

အပြင်ဆေးခန်းတွေနဲ့ တခြားကူညီတဲ့အဖွဲ့အစည်းတွေပါ မရှိတဲ့အတွက် ဒွမ်ဘုံး‌ ဒေသခံတွေဟာ ၁၆ မိုင်လောက်ဝေးတဲ့ လဝါးကျေးရွာနဲ့ ၁၈ မိုင်လောက်ဝေးတဲ့ နမ္မတီးမြို့ဘက် သွားရောက် ကုသနေရတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် အထက်ပါ ဒေသခံရဲ့ သုံးသပ်ပြောပြချက်အရ အရင်နှစ်တွေကထက် အခုနှစ်မှာတော့ ခြင်ပေါက်ဖွားမှုနှုန်း ပိုများလာပြီး ခြင်ဆေးတွေ မဖြန်းနိုင်တဲ့ အတွက်ကြောင့်ပါ ဖျားနာတာတွေ ပိုဖြစ်တာ ဖြစ်နိုင်တယ်လို့ သိရပါတယ်။

ရွာအတွင်း ခြင်ဆေးဖျန်းတာတွေ လုပ်ဆောင်ချင်ပေမဲ့ ဆက်သွယ်ရရှိဖို့ခက်ခဲတဲ့အပြင် ဦးဆောင်လုပ်ဆောင်မယ့်သူပါ မရှိတဲ့အတွက် နေအိမ်မှာ ရှိတဲ့ နနွင်းနဲ့ လိိိိိမ္မော်ခွံအခြောက်မီးရှို့ အသုံးပြုတာတွေ၊ ခြင်ဆေးခွေ သုံးတာတွေပဲ လုပ်နေရတယ်လို့ ဆိုပါတယ်။

ရွာအတွင်းက ဖျားနာနေတဲ့ ကလေး၊ လူကြီးတွေအတွက် ဆေးဝါးလုံလောက်‌အောင်ရဖို့နဲ့ ခြင်ဆေးဖျန်းဖို့ အကူအညီတွေကို သက်ဆိုင်ရာကနေ ကူညီပေး‌စေလိုတယ်လို့ ဒေသခံက တောင်းဆိုပါတယ်။

ဒွမ်ဘုံးကျေးရွာမှာ အိမ်ခြေ ၂၅၀ လောက်ရှိပြီး လူဦးရေ ၉၀၀ လောက် နေထိုင်တာလည်း ဖြစ်ပါတယ်။

ဓါတ်ပုံ- ပုံဟောင်းဖြစ်ပါသည်။

 

LEAVE A REPLY

Please enter your comment!
Please enter your name here