ဖားကန့်မြို့တွင် ဗျူစောထီးအဖွဲ့ဟုဆိုကာ ဖုန်းဆက်ခြိမ်းခြောက် ငွေတောင်းခံမှုများ ရှိနေ

323

ဇူလိုင်၊၁၇

ကချင်ပြည်နယ်၊ ဖားကန့်မြို့က ကုန်ပစ္စည်းအရောင်းဆိုင်တွေမှာ ဗျူစောထီးအဖွဲ့ကလို့ ပြောဆိုပြီး ဖုန်းဆက်ခြိမ်းခြောက် ငွေကြေးတောင်းခံတာတွေ ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဖားကန့်မြို့က ရွှေဆိုင်၊ ဖုန်းဆိုင်၊ ကုန်စုံဆိုင်၊ စားသောက်ဆိုင်စတဲ့ ဆိုင်ပိုင်ရှင်တွေကို ဗျူစောထီးအဖွဲ့ကလို့ ဆိုပြီးတော့ သူတို့ကို အခွန်လာဆောင်ဖို့နဲ့ မလာနိုင်ရင် Wave Money ကနေဆောင်ဖို့ ဖုန်းဆက်ပြီး ငွေတောင်းခံနေတာပါ။

သူတို့တောင်းတဲ့ ငွေကြေးမပေးဘူးဆိုရင် အသက်အန္တာရယ်အထိ ခြိမ်းခြောက်တာတွေ ရှိတယ်လို့ ခြိမ်းခြောက်ခံရတဲ့ ဆိုင်ရှင်အမျိုးသမီးတစ်ဦးက ပြောပါတယ်။

“ မလွှဲပေးဘူးလေ ဖုန်းဘလော့ထားလိုက်တယ်။ အဲဒါနဲ့ မက်ဆေ့ချ်တွေ ပို့လာတယ်။ အသက်တာဝန်မယူဘူးတဲ့။ တစ်မိသားစုလုံးအသက်တဲ့၊ အဲဒီလို ပို့တာ”လို့ အထက်ပါဆိုင်ပိုင်ရှင်က ဆိုပါတယ်။

တောင်းတဲ့ငွေကြေးမပေးရင် ဆိုင်တွေကို ဗုံးခွဲဖျက်ဆီးပစ်မယ်လို့ ပြောဆိုရုံတင်သာမက အသက်အန္တာရယ်အထိ ခြိမ်းခြောက်လာတဲ့အတွက် ငွေသွားပေးရတဲ့ ဆိုင်ရှင်တွေလည်း ရှိတယ်လို့ ဆိုပါတယ်။

ဗျူစောထီးအဖွဲ့ခေါင်းဆောင် ဗိုလ်စောမောင်လို့ပြောပြီး ငွေကျပ် ၁၀ သိန်းကို ဖားပြင်ကျေးရွာကို လာဆောင်ခိုင်းပြီးတော့ မလာနိုင်ရင် Wave Moneyကနေ ၇ သိန်းလွဲပေးဖို့ ပြောတယ်လို့လည်း သိရပါတယ်။

“ဖားကန့်သတင်းစုံ” ဆိုတဲ့ လူမှုကွန်ရက် Facebook ဂရုမှာ အလုပ်ခေါ်စာ တင်လိုက်ပြီးတဲ့နောက် ဗျူစောထီးလို့ ပြောတဲ့သူတွေ ဖုန်းဆက်ပြီး သူ့ကိုခြိမ်းခြောက်ခဲ့တယ်လို့ နောက်ထပ်ဒေသခံအမျိုးသမီးတစ်ဦးကလည်း ပြောပါတယ်။

တခြားခြိမ်းခြောက်ခံရတဲ့ဆိုင်တွေလည်း အဲဒီဂရုမှာ ဆိုင်ကြော်ငြာတင်တာတွေ များတယ်လေ။ အဲဒီလိုတင်ပြီး တစ်ရက်ပဲရှိသေးတဲ့အချိန် ဖုန်းဆက်လာတယ်” လို့ အထက်ပါအမျိုးသမီးက သူကြုံတွေ့ခဲ့ရတာကို ပြောပြပါတယ်။

ခြိမ်းခြောက်ခံရထားတဲ့ ဆိုင်အများစုမှာ ဖားကန့်သတင်းစုံ Facebook ဂရုမှာ အလုပ်ခေါ်စာနဲ့ဆိုင်ကြော်ငြာ တင်တဲ့သူ အများပိုင်းပါကြပြီး အဲဒီက ဖုန်းနံပါတ်ရတာ ဖြစ်နိုင်တယ်လို့လည်း သုံးသပ်ပြောဆိုနေကြပါတယ်။

ပျူစောထီးအဖွဲ့ကဆိုပြီးတော့ ဖုန်းဆက်ငွေတောင်းခံနေကြတာဖြစ်ပြီး ပျူစောထီးအဖွဲ့ အမှန်တကယ် ဟုတ်မဟုတ်နဲ့ ဘယ်အဖွဲ့အစည်းက တောင်းခံနေတယ်ဆိုတာတော့ သီးခြားအတည်နိုင်တာ မရှိသေးပါဘူး။

အာဏာသိမ်းပြီးနောက်ပိုင်း ဖားကန့်မြို့မှာ လက်နက်ကိုင် ဓားပြတိုက် ၊လုယက်မှုနဲ့ ဖုန်းဆက်ခြိမ်းခြောက် ငွေကြေးတောင်းခံတဲ့ ဖြစ်စဉ်တွေ အရင်ကထက် ပိုများလာတယ်လို့ ဒေသခံတွေက ပြောပါတယ်။

 

LEAVE A REPLY

Please enter your comment!
Please enter your name here