ပူတာအိုမြို့မှာ ကုန်တင်ကားသေးတွေ ဝင်နေပြီဖြစ်ပေမဲ့ ဒေသတွင်း ကုန်ဈေးနှုန်း သိသိသာသာ လျော့ကျသွားတာမရှိသေး

142

စက်တင်ဘာ၊၉

ကချင်ပြည်နယ်၊ ပူတာအိုမြို့မှာ ကုန်တင်ကားသေးတွေ ဝင်နေပြီဖြစ်ပေမဲ့ ဒေသတွင်း ကုန်ဈေးနှုန်း သိသိသာသာ လျော့ကျသွားတာမရှိသေးဘူးလို့ ဒေသခံတွေဆီက သိရပါတယ်။

ကားလမ်းပျက်စီးမှုကြောင့် ကုန်ကားအဝင်မရှိတဲ့ ပူတာအိုဒေသဘက်ကို ပြီးခဲ့တဲ့ ဩဂုတ်လကုန်ကနေ ကားတွေပြန်တက်နေတာဖြစ်ပြီး ကုန်စည်တွေနဲ့ စက်သုံးဆီ‌တွေ ပြန်ရလာပေမဲ့ ဈေးကြီးမြင့်နေဆဲ ဖြစ်တယ်လို့ ပူတာအိုမြို့ခံတစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်ကို ပြောပါတယ်။

ပစ္စည်းတွေက အလုံအလောက်တော့ မရောက်သေးဘူး။ ကားအသေးတွေနဲ့ပဲ ဆိုတော့လေ များများတော့ မရောက်နိုင်ဘူး။ စက်သုံးဆီလည်း ရောက်တော့အများကြီးရောက်ပါတယ်။ဒါပေမဲ့ ဈေးနှုန်းကတော့ တအားကြီး သိသိသာသာ ကျတာတော့မရှိသေးဘူး။ လို့ ဒေသခံက ဆိုပါတယ်။

ကုန်တင်ကားသေးတွေသာ သွားလာလို့ရတာဖြစ်တာကြောင့် ကုန်ပစ္စည်း များများစားစား မရောက်နိုင်သေးသလို လက်ရှိအချိန် ပူတာအိုမြို့မှာ ဆန်တစ်အိတ်‌ကို ကျပ်နှစ်သိန်းကျော် ပေါက်ဈေးရှိတယ်လို့ ဆိုပါတယ်။

ကားအဝင်မရှိခင်က ဓာတ်ဆီတစ်ဂါလံကို ကျပ်ရှစ်သောင်းနဲ့ တစ်သိန်းကြား ဈေးရှိခဲ့ပြီး ကားဝင်တဲ့နောက် လတ်တလောမှာတော့ ဓာတ်ဆီတစ်ဂါလံကို ကျပ်ငါးသောင်းနဲ့ ခြောက်သောင်းကြား ဈေးရှိနေတယ်လို့ သိရပါတယ်။ စက်သုံးဆီဆိုင်တွေလည်း အားလုံး ပြန်ဖွင့်တာမရှိသေးပေမဲ့ ဆိုင်တချို့တော့ ပြန်လည်ဖွင့်လှစ် လာနေပြီလို့ ဆိုပါတယ်။

ဆွမ်ပရာဘွမ်မြို့အနီးက ပျက်စီးနေတဲ့လမ်းနေရာ ပြုပြင်လို့မပြီးသေးတာကြောင့် ကုန်တင် ကားကြီးတွေ သွားလာဖို့ခက်ခဲနေဆဲဖြစ်ပြီး ကုန်တင်ကားသေးတွေပဲ တက်လို့ရနေသေးတာ ဖြစ်တယ်လို့ လမ်းပိုင်းအခြေအနေကိုလည်း ဒေသခံက ပြောပြပါတယ်။

ပုံမှန်တက်ဖို့က လမ်းကမပြီးသေးရင်တော့ ကုန်ကားအကြီးတွေ တက်ဖို့က သိပ်အဆင်မပြေ သေးဘူးထင်တယ်။ လမ်းပျက်သွားတဲ့နေရာမှာ ကုန်ကားအကြီးတွေ ဖြတ်လို့ မရဘူး။ လို့ အထက်ပါဒေသခံက ဆက်လက်ပြောပြပါတယ်။

တစ်ဖက်မှာလည်း ဒေသပေါက်ဈေးထက် ဈေးသက်တောင့်သက်သာနဲ့ ဝယ်ယူနိုင်အောင် ဒေသခံ လူမှုကူညီရေးအသင်းတွေ ပူးပေါင်းထားတဲ့အဖွဲ့က ကုန်ပစ္စည်းသယ်ယူတာတွေ စီစဉ် ဆောင်ရွက် နေတယ်လို့ သိရပါတယ်။

လူမှုကူညီရေးပူးပေါင်းအဖွဲ့ရဲ့ ကားတွေဝင်လာတဲ့နောက် လူမှုကူညီရေးအသင်း ပူးပေါင်းအဖွဲ့ကနေ ဆန်တစ်အိတ်ကို ကျပ်တစ်သိန်းကျော်နဲ့ ရောင်းချပေးနေသလို ဓာတ်ဆီ တစ်ဂါလံကိုလည်း ကျပ်လေးသောင်းကျပ်နဲ့ ရောင်းချပေးနေတယ်လို့ သိရပါတယ်။

ဒါ့အပြင် ပူတာအိုမြို့ကနေ တဆင့်ပြန်လည်သယ်ယူရတဲ့ နောင်မွန်မြို့ဘက်ဆိုရင်လည်း ကုန်ပစ္စည်း ကားတင်ခ ဈေးကြီးမြင့်တဲ့အတွက် ဒေသထဲမှာ ကုန်ပစ္စည်းတွေ ဈေးကျသွားတာ မရှိသေးသလို လိုသလောက်လည်း မရသေးဘူးလို့ နောင်မွန်ဒေသခံတစ်ဦးကလည်း ပြောပါတယ်။

တိုက်ပွဲကြောင့် မတ်လ ပထမအပတ်ကတည်းက ပိတ်သွားခဲ့တဲ့ မြစ်ကြီးနား- ပူတာအို ကားလမ်းဟာ ပြီးခဲ့တဲ့ ဇွန်လပိုင်းက နှစ်ဖက်အဖွဲ့အစည်းရဲ့ ခွင့်ပြုချက်အရ အစီးရေ အကန့်အသတ်နဲ့ သွားလာနေရာကနေ ရေကြီးရေလျှံဖြစ်ပြီး လမ်းပျက်သွားတဲ့နောက် အခုအချိန်ထိ ကုန်တင်ကားကြီးတွေ သွားလာဖို့ ခက်ခဲနေဆဲဖြစ်ပါတယ်။

 

LEAVE A REPLY

Please enter your comment!
Please enter your name here