အောက်တိုဘာ၊ ၁၈
ဖားကန့်မြို့နယ်၊ တာမခန်ကျေးရွာမှာရှိတဲ့ စစ်တပ်ကုန်းကနေ ဟောင်ပါးကျေးရွာဘက် လက်နက်ကြီး ပစ်ခတ်တာကြောင့် အရပ်သားထိခိုက်မှုရှိပြီး ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ သိရပါတယ်။
တာမခန်စစ်တပ်ကုန်းကနေ ဟောင်ပါးကျေးရွာဘက် ဒီကနေ့ ညနေပိုင်း ၅ နာရီလောက်က လက်နက်ကြီးတွေ ပစ်ခတ်တာကြောင့် နတ်ရေတောင်ရပ်ကွက် ၃ က အသက် ၅၀ ကျော်အရွယ် အမျိုးသမီးတစ်ဦးနဲ့ ကလေးငယ်တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဖားကန့်ဒေသခံတစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်ကို အခုလို ပြောပါတယ်။
” နတ်ရေတောင် ၊ စကားဝါ အဲဒီဘက်တွေကို လှမ်းပစ်တာ။ ပြည်သူထိတယ်လို့တော့ကြားတယ်။ ဟောင်ပါး နမ့်ရေတောင်က ဒေသခံတွေက ဥရုချောင်းရဲ့ ဟိုဖက်တစ်ဖက်ကမ်း ဝေစိုင်းဘက်ကို ဒုက္ခသည်အနေနဲ့သွားနေကြတယ်။” လို့ဆိုပါတယ်။
တိုက်ပွဲဖြစ်ပွားတာမရှိဘဲ စစ်ကောင်စီဟာ ပြည်သူတွေရှိတဲ့ဘက် လက်နက်ကြီးတွေ ပစ်ခတ်တာဖြစ်ပြီးတော့ ထိခိုက်သွားတဲ့ ဒေသခံ ၂ ဦးထဲက အသက် ၁၁ နှစ်အရွယ် မိန်းကလေးဟာ စိုးရိမ်ရတဲ့အခြေအနေရှိပြီး လက်ရှိ ဟောင်ပါးဆေးခန်းမှာ ဆေးကုသမှု ခံယူနေတယ်လို့ ဆိုပါတယ်။
ဟောင်ပါးဒေသခံတွေဟာ လွန်ခဲ့တဲ့ စက်တင်ဘာကလည်း စစ်ကောင်စီနဲ့ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) တို့ရဲ့ တိုက်ပွဲကြောင့် ဥရုချောင်းတစ်ဖက်ကမ်းဘက်က ဝေစိုင်းနဲ့ ရွှေတောင်ကျော်ကျေးရွာဘက်က စာသင်ကျောင်းနဲ့ ဘုန်းကြီးကျောင်းဘက်မှာ ထွက်ပြေးတိမ်းရှောင်ရတာလည်း ရှိခဲ့ပါတယ်။
ဒါ့အပြင် ဒီကနေ့မှာတော့ ကချင်ပြည်နယ်အတွင်းက ရွှေကူမြို့နယ်နဲ့ ဝိုင်းမော်မြို့နယ်ဘက်မှာလည်း စစ်ကောင်စီနဲ့ KIA တပ်တို့ တိုက်ပွဲဖြစ်ပွားတာတွေရှိပြီး KIA ဘက်က စခန်းသိမ်းပိုက်နိုင်တာတွေရှိသလို စစ်ကောင်စီဘက်ကလည်း လေယာဉ်အသုံးပြု တိုက်ခိုက်တာတွေ ရှိခဲ့ပါတယ်။







