အောက်တိုဘာ၊၅
အခြေခံပညာကဏ္ဍမှာ အွန်လိုင်းကျောင်း ၇၀ ကျော်နဲ့ မြေပြင် သင်ကြားရေးကျောင်း ၅,၀၀၀ ကျော် ဖွင့်လှစ်သင်ကြားနေတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ယာယီသမ္မတ ဒူဝါလရှီးလက ပြောပါတယ်။
ဒီကနေ့ အောက်တိုဘာ ၅ ရက်နေ့မှာ ကျရောက်တဲ့ ကမ္ဘာ့ဆရာများနေ့ အခမ်းအနား အဖွင့်မိန့်ခွန်းမှာ ယာယီသမ္မတ ဒူဝါလရှီးလက ပြောကြားခဲ့တာလည်း ဖြစ်ပါတယ်။
ဖက်ဒရယ်ပဋိညာဥ်စာတမ်း၊ ဖက်ဒရယ် ပညာရေး မူဝါဒပါ စံတန်ဖိုးတွေကို အကောင်ထည်ဖေါ် ဆောင်ရွက်နိုင်ဖို့ အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ အမေရိကန်ဒေါ်လာ ၁ သန်းကျော် ပညာရေးရန်ပုံငွေ ချထားပေးခဲ့တယ်လို့လည်း ယာယီသမ္မတ ဒူဝါလရှီးလက ပြောကြားခဲ့ပါတယ်။
“၁၉၆၂ ခုနှစ် စစ်အာဏာသိမ်းခဲ့ချိန်ကစလို့ စစ်အာဏာရှင်အဆက်ဆက် ကျွန်တော်တို့နိုင်ငံရဲ့ ပညာရေး ဟာ လူစဥ်မမီဖြစ်ခဲ့ရတာ အားလုံးအသိပါပဲ။ စစ်အာဏာရှင်တွေ စိတ်ကြိုက်ပုံဖေါ်ခဲ့တဲ့ ပညာရေး ဖြစ်တာကြောင့် အာဏာရှင်အငွေ့အသက်နဲ့ အတွေးအခေါ်တွေသာ လွှမ်းမိုးတဲ့ ပညာရေးဖြစ်ခဲ့ပါ တယ်။ ” လို့ ယာယီသမ္မတ ဒူဝါလရှီးလက ဆိုပါတယ်။
ဒါအပြင် ဖက်ဒရယ်စံတန်ဖိုးတွေနဲ့ ဝေးကွာခဲ့ပြီး ပညာရေးစနစ်ဟာ လူနည်းစုတွေရဲ့ အခန်းကဏ္ဍနဲ့ ကွဲပြားစုံလင်မှုတွေကို ထည့်သွင်းစဉ်းစားမှုမရှိတဲ့ ပညာရေး ဖြစ်ခဲ့ပြီးတော့
စစ်အာဏာရှင်တွေက လူ့အဖွဲ့အစည်းကို သူတို့စိတ်ကြိုက် ပုံဖေါ်လွှမ်းမိုးဖို့နဲ့ ဖျက်ဆီးဖို့ ကြိုးစားတဲ့ နေရာမှာ ပညာရေးကိုလည်း အသုံးချခဲ့တာ တွေ့ရမှာဖြစ်တာကြောင့် နွေဦးတော်လှန်ရေးဟာ ဒါတွေကိုပါ ပြောင်းလဲဖြိုချဖို့ အခွင့်အရေးအဖြစ် ယုံကြည်တယ်လို့ ယာယီသမ္မတ ဒူဝါလရှီးလ ထပ်လောင်းပြောပါတယ်။
စစ်တပ်အာဏာသိမ်းပြီးနောက် အာဏာဖီဆန်ရေးလှုပ်ရှားမှု CDM မှာလည်း ဆရာဆရာမတွေအပါအဝင် ပညာရေးဝန်ထမ်းအများအပြားက အခုထိ ပါဝင်နေဆဲဖြစ်ပြီး နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ အောက်တိုဘာလ ၄ ရက်နေ့အထိ ထုတ်ပြန်ထားတဲ့ စာရင်းတွေအရ ဆရာ၊ ဆရာမတွေအပါအဝင် ကျောင်းသားသူတွေနဲ့ ပညာရေးဝန်ထမ်းစုစုပေါင်း အယောက် ၁၇၀ ကို စစ်တပ်က သတ်ဖြတ်ထားပြီး ၁,၆၀၆ ယောက်ကိုတော့ ဖမ်းဆီးခဲ့ကြောင်း ဖော်ပြထားပါတယ်။







