ဇွန်၊၁၅
လူဦးရေတိုးလာတဲ့နဲ့အမျှ မြစ်ကြီးနားမြို့ပေါ်မှာ လယ်ယာမြေတွေကို လူနေခြံဝင်းအဖြစ် အကွက်ရိုက်ပြီး ရောင်းချနေထိုင်တာတွေကို တွင်တွင်ကျယ်ကျယ် ပြုလုပ်လာနေကြပါတယ်။
လယ်ယာမြေတွေကို အစိုးရခေတ်အဆက်ဆက်က ဥပဒေတွေပြဋ္ဌာန်းပြီး ကာကွယ်ပေးခဲ့ပေမဲ့ ၂၀၁၀ ခုနှစ်နောက်ပိုင်းကစပြီး လယ်ယာမြေကို အိမ်ခြံဝင်းတွေအဖြစ် ပြောင်းလဲနေထိုင်တာတွေ၊ ရောင်းချတာတွေ ပိုမိုများပြားလာခဲ့ပါတယ်။
လယ်ယာမြေလုပ်ပိုင်ခွင့် ပုံစံ (၇) ရှိတဲ့ လယ်ရှင်တွေအနေနဲ့ လယ်ယာမြေတွေကို အခြားတစ်ဦးထံ အကွက်ပြတ်၊ ဧကအပြတ် ရောင်းချတာတွေရှိရင် ရပ်ကွက်လယ်ယာမြေကော်မတီအဖွဲ့အနေနဲ့ အသိအမှတ်ပြု လက်မှတ်ရေးထိုးပေးပေမဲ့ လယ်ကိုအိမ်ခြံမြေအကွက်ရိုက်ပြီး ရောင်းချရင်တော့ လက်မှတ်မထိုးဘူးလို့ မြို့သစ်ကြီးရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးတက်တိုးက ပြောပါတယ်။
“နောက်ပိုင်းမှာ သူတို့ ဝယ်ပြီးမှ၊ အကွက်ရိုက်ပြီးတော့မှ ကျနော်တို့က မထိုးတော့ဘူး။ အကွက်ဖြစ်သွားပြီဆိုမှတော့ မြို့သစ်ကြီးအုပ်ချုပ်ရေးမှူး တစ်စောင်မှ မထိုးရသေးဘူး။ မြို့သစ်ကြီးရပ်ကွက်တစ်ကွင်းလုံး အုပ်ချုပ်ရေးမှူးလက်မှတ် မပါပါဘူးဗျာ။”လို့ ဆိုပါတယ်။
မြေပြင်၊ အောက်ခြေအဆင့်မှာ ဝယ်သူနဲ့ရောင်းသူ နှစ်ဦးသဘောတူစာချုပ်တွေ ချုပ်ဆိုကြပြီး တချို့က သက်ဆိုင်ရာနယ်မြေမှူးတွေနဲ့ ညှိနှိုင်းပြီး အသိသက်သေနေရာကနေ လက်မှတ်ထိုး ရောင်းဝယ်ကြတာမျိုးတွေရှိတယ်လို့ ဆက်ပြောပါတယ်။
ကျေးရွာ၊ ရပ်ကွက်အလိုက် ပုံစံ(၇) ရှိ လယ်ယာမြေတွေကို လယ်ရှင်တွေအနေနဲ့ အကွက်ပြတ်၊ ဧကအပြတ် အရောင်းအဝယ်ပြုလုပ်ကြချိန် စာချုပ်ရဲ့အောက်ခြေမှာ မှတ်ချက်အနေနဲ့ ပုံစံ(၇) အမည်ပြောင်းရန်ဆိုပြီး ထည့်ရေးပေးထားပြီးဖြစ်တယ်လို့ သိရပါတယ်။
တကယ်လို့ တရားစွဲဆိုတာတွေ သက်ဆိုင်ရာဌာနအဆင့်ဆင့်က လုပ်ဆောင်လာခဲ့ရင် ပုံစံ(၇) အမည်ပေါက်ကို အရင်ဦးဆုံး တရားစွဲဆိုမှာဖြစ်ပြီး ရောင်းချပြီးပါက ဝယ်ယူသူကိုပါ ထပ်ဆင့် တရားစွဲဆို အရေးယူဆောင်ရွက်လာမှာဖြစ်တဲ့အပြင် နောက်ဆုံးလက်ဝယ်ပိုင်ဆိုင်သူလည်း တရားစွဲဆိုတဲ့အထဲ ပါလာမှာဖြစ်တယ်လို့လည်း ဆိုပါတယ်။
လယ်ကွက်တွေမှာ ရိုက်ထားတဲ့ ပေ ၄၀၊ ပေ ၆၀ အကွက်တစ်ကွက်က အခြားအိမ်ကွက်တွေနဲ့ ဈေးချင်းယှဉ်ရင် ၇၀ ရာခိုင်းနှုန်းကနေ ၈၀ ရာခိုင်နှုန်းလောက်အထိ သက်သာတဲ့အတွက် အိမ်ဝင်းမရှိတဲ့ အခြေခံလူတန်းစားအများစုက ဝယ်ယူပြီး နေထိုင်ကြတယ်လို့ မြစ်ကြီးနားမြို့ပေါ်က အုပ်ချုပ်ရေးမှူးတွေက ပြောပါတယ်။
လယ်ကွက်ကို အကွက်ရိုက်ရောင်းချတာတွေကို မပြုလုပ်ကြဖို့နဲ့ မဝယ်ကြဖို့အပြင် ခြံခတ်တာ၊ မြေဖို့တာ၊ အိမ်ဆောက်တာတွေကို မပြုလုပ်ကြဖို့ သက်ဆိုင်ရာရပ်ကွက် အုပ်ချုပ်ရေးဆိုဒ်က တာဝန်ရှိသူတွေနဲ့ တားဆီးတာတွေ၊ တားမြစ်တာတွေပြုလုပ်ပေမဲ့ ဆက်လက် ရောင်းချ၊ ဝယ်ယူနေကြတယ်လို့ ရမ်ပူရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးမောင်မောင်ကလည်း ပြောပါတယ်။
“ရပ်ကွက်ထဲမှာရှိတဲ့ လယ်ယာမြေတွေ ကျနော်တို့က အကုန်လုံးအကွက်ရိုက်တာတို့၊ ခြံစည်းရိုးထည့်တာတို့၊ မြေဖို့တာတို့ လုံးဝ မပြုလုပ်ရဘူးလို့ တားမြစ်ထားပါတယ်။ လယ်မြေထဲမှာ ရောင်းသူ၊ ဝယ်သူ သူတို့ ကြိုက်ရောင်း၊ ကြိုက်ဝယ်တွေပဲ လုပ်ကြပါတယ်။ ကျနော်တို့က ဘာမှမလုပ်ပေးပါဘူး။“လို့ ဦးမောင်မောင်က ဆိုပါတယ်။
တားဆီးနေတဲ့ကြားကနေ ဆက်လက်လုပ်ဆောင်နေတဲ့ သူတွေကိုတော့ ဥပဒေမှာ ပြဋ္ဌာန်းထားတဲ့အတိုင်း ဆောင်ရွက်သွားဖို့ စီစဉ်နေတယ်လို့ လယ်ကုန်းရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးဇေခေါင်က ပြောပါတယ်။
“ဒီဥပဒေမှာ ဘယ်လိုပြဋ္ဌာန်းထားသလဲ။ ဒါဆိုရင် အဲဒီအထဲမှာ ကျနော်တို့ဘယ်လို လိုက်လျှောက်ရမယ် ဆိုတာတွေကို တောင်သူတွေနဲ့ နယ်မြေမှူးတွေ အားလုံးနဲ့တိုင်ပင်ဆွေးနွေးပြီး ကောင်းမွန်တဲ့ဘက်ကို လုပ်ဆောင်သွားမယ်လို့ စီစဉ်ထားပါတယ်။” ဦးဇယ်ခေါင်ကဆိုပါတယ်။
အဲဒီလိုလယ်ယာမြေတွေကို လူနေအိမ်ဝင်းတွေခတ်ပြီး ရောင်းချလာတဲ့ ၁၀ စုနှစ်ကျော်အတွင်းမှာ လက်ရှိ စစ်ကောင်စီလက်ထက်မှာ အရင်နှစ်တွေထက် သိသိသာသာ တိုးလာတာကို သိရှိရပါတယ်။
ဒါပေမဲ့ စစ်ကောင်စီလက်ထက်မှာ လယ်ယာမြေတွေကို တခြားနည်းသုံးစွဲခွင့်ကို တစ်ဦးတစ်ယောက်ကိုမှ ခွင့်ပြုချက်မပေးထားတဲ့အပြင် ခွင့်ပြုချက်မရဘဲ လုပ်ဆောင်နေသူအားလုံးကိုလည်း အထူးတားဆီးမှုတွေ လုပ်ထားတယ်လို့ ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ပြောပါတယ်။
ဒါ့အပြင် တရားစွဲဆိုခံထားရသူတွေကလည်း ၁၀ ဦးကျော်လောက်ရှိနေပြီး မြစ်ကြီးနားမြို့၊ မြို့ပေါ်ရပ်ကွက်တိုင်းမှာ လယ်ယာမြေကို အကွက်ရိုက်ရောင်းချသူတွေကို သက်ဆိုင်ရာ မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနဲ့ စာရင်းအင်းဦးစီးဌာနက တရားစွဲဆိုဖို့ ပြင်ဆင်နေတာတွေလည်းရှိတယ်လို့ ဝန်ကြီးချုပ် ဦးခက်ထိန်နန် က ပြောပါတယ်။
“ရွာတိုင်းရွာတိုင်း၊ ရပ်ကွက်တိုင်းရပ်ကွက်တိုင်း၊ ဈေးရလို့ အကွက်ရိုက်ပြီး ရောင်းနေတာ။ နောက်ဆို စားဖို့ရှိတော့မှာ မဟုတ်ဘူး။ အဲဒါကြောင့် ဒါကိုတော့ အထူးကာကွယ်တားဆီးနေတယ်။ အခု တရားရုံးရောက်နေတာ ၁၀ ယောက်ကျော်လောက်ရှိတယ်။”လို့ ဦးခက်ထိန်နန်က ဆိုပါတယ်။
အခုနောက်ပိုင်းမှာက လယ်ကွက်ကို အိမ်ကွက်ရိုက်တဲ့သူတွေကို ချက်ချင်းဖျက်ပြီး ခိုင်းတယ်လို့ ကြားသိရတဲ့အတွက် အရင်ကလယ်ကွက်ကို ဖော်ထားတဲ့ အိမ်ကွက်ဝယ်ပြီးနေ ထိုင်နေသူတွေ စိုးရိမ်နေတယ်လို့ လက်ရှိမြေဝယ်ထားတဲ့ အမျိုးသမီးတစ်ဦးက ပြောပါတယ်။
“နယ်မြေမှူးနဲ့ လက်မှတ်ထိုးထားတာ။ အုပ်ချုပ်ရေးမှူး တံဆိပ်တုံးပါတယ်။ လယ်ပျက်ပုံစံမျိုးနဲ့ မြို့ပြလယ်မြေဆိုပြီးတော့ နေပြည်တော်ကို တင်မယ်လို့တော့ ကြားနေရတယ်။ “လို့ ဆိုပါတယ်။
လယ်ရှင်တွေဟာ ၂၀၁၂ ခုနှစ် လယ်ယာမြေဥပဒေ အခန်း (၄) လယ်ယာမြေလုပ်ပိုင်ခွင့်ရရှိသူ လိုက်နာရမည့်စည်းကမ်းချက်များ၊ ပုဒ်မ ၁၂ (ဆ) အရ “လယ်ယာမြေကို ခွင့်ပြုမိန့်မရရှိဘဲ အခြားနည်းသုံးစွဲခြင်း မပြုရ”ဆိုတဲ့အချက်ကို လိုက်နာခြင်းမပြုတော့ဘဲ မိမိစိတ်ကြိုက် သက်ဆိုင်ရာကျေးရွာ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးရဲ့ ခွင့်ပြုချက်ပင်မရရှိဘဲ ရောင်းချတာတွေ၊ အကွက်ရိုက်တာတွေကို ကျူးလွန်နေကြတယ်လို့ အုပ်ချုပ်ရေးမှူးတွေက ပြောပါတယ်။
အဲဒီလိုပြုလုပ်တာဟာ ဥပဒေပါ ပုဒ်မ ၁၂ ရဲ့ စည်းကမ်းချက်အားလုံးကိုဖြစ်စေ၊ စည်းကမ်းချက်တစ်ခုခုကိုဖြစ်စေ လိုက်နာဖို့ ပျက်ကွက်ရင် အခန်း(၇)ပါ၊ ပုဒ်မ ၁၉ အရ ဝန်ကြီးဌာနက အဲဒီကိစ္စအလို့ငှာ ခန့်အပ်တဲ့လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့က ဥပဒေနဲ့ ဥပဒေအရ ထုတ်ပြန်ထားတဲ့ နည်းဥပဒေတွေနဲ့အညီ စုံစမ်းစစ်ဆေးပြီး အမိန့်တွေကို ချမှတ်နိုင်တယ်လို့ ဖော်ပြပါရှိပါတယ်။
အမိန့်တွေကတော့ သတ်မှတ်တဲ့ ဒဏ်ကြေးငွေပေးဆောင်စေခြင်း၊ သတ်မှတ်ထားတဲ့ နည်းလမ်းအတိုင်း လယ်ယာမြေကို ဆောင်ရွက်စေခြင်း၊ လယ်ယာမြေပေါ်ကနေ နှင်ထုတ်ထိုက်သူတွေကို နှင်ထုတ်ခြင်းနဲ့ လယ်ယာမြေပေါ်မှာ ခွင့်ပြုချက်မရှိဘဲ ဆောက်လုပ်ထားတဲ့ အဆောက်အအုံတွေကို ဖယ်ရှားခြင်း-ဆိုတဲ့အချက်တွေအပြင် လိုက်နာခြင်းမရှိရင် အခန်း(၁၂) မှာပါတဲ့ ပြစ်မှုနဲ့ပြစ်ဒဏ်တွေလည်း ခံရမှာဖြစ်တယ်လို့ သိရပါတယ်။
မြို့သစ်ကြီးရပ်ကွက်မှာ လယ်ယာမြေဧက ၁၆၀ ကျော်ရှိတဲ့အထဲမှာ အိမ်ကွက်ရိုက်ပြီး ရောင်းချထားတာ၊ မြေဖို့ထားတာ၊ အိမ်ဆောက်နေထိုင်ကြပြီဖြစ်တဲ့အကွက်တွေနဲ့ အခုလက်ရှိ ရောင်းချနေတဲ့အကွက်တွေ အားလုံးပေါင်းရင် ဧက ၁၀၀ လောက်ရှိတယ်လို့ မြို့သစ်ကြီးရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးတက်တိုးက အတည်ပြု ပြောကြားပါတယ်။
ကြက်ပေါင်ခြံရပ်ကွက်မှာတော့ လယ်ယာမြေဧက ၃၀ ဝန်းကျင်လောက်သာရှိတဲ့အတွက် အကွက်ရိုက် ရောင်းချတာမျိုးသိပ်မရှိဘူးလို့ အုပ်ချုပ်ရေးမှူး ဦးဆိုက်ဆိုရီကန်ဆီကနေ သိရပါတယ်။
အခြားလယ်ကုန်း၊ ရမ်ပူ၊ စီတာပူရပ်ကွက်တွေက စာရင်းရှိလယ်ယာမြေဧကနဲ့ အကွက်ရိုက် ရောင်းချလိုက်ကြတဲ့ဧကစာရင်းကို မြစ်ကြီးနားသတင်းဂျာနယ်က မေးမြန်းရာ အုပ်ချုပ်ရေးမှူးတွေက မသိကြောင်း ဖြေကြားခဲ့ပါတယ်။
ကျန်ရပ်ကွက်တွေရဲ့ အရင်လယ်ဧကစာရင်းတွေနဲ့ လက်ရှိလယ်ဧကစာရင်းတွေကို စုံစမ်းနေဆဲဖြစ်ပါတယ်။







