ပြီးခဲ့သည့် ၃ လတာအတွင်း အမျိုးသမီး ၁၀၀ ကျော် အသက်ဆုံးရှုံးခဲ့ပြီး ၆၇ ဦး ကို စစ်ကောင်စီက ဖမ်းဆီးခဲ့ကြောင်း မြန်မာ့အမျိုးသမီး သမဂ္ဂထုတ်ပြန်

218

ဇူလိုင်၊၅

အာဏာသိမ်းပြီးနောက် အခုနှစ် ဧပြီလ ၂၅ ရက်နေ့ကနေ ဇွန်လအထိ ၃ လတာအတွင်း အမျိုးသမီးစုစုပေါင်း ၁၁၁ ဦး အသက်ဆုံးရှုံးခဲ့ပြီး ၆၇ ဦးကို စစ်ကောင်စီက ဖမ်းဆီးထိန်းသိမ်းခဲ့တယ်လို့ မြန်မာ့အမျိုးသမီးသမဂ္ဂက အမျိုးသမီးများဆိုင်ရာ သတင်းသုံးသပ်ချက်စာတမ်း ထုတ်ပြန်လိုက်ပါတယ်။

ဇွန်လအတွင်း ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ ပန်းသပိတ်ပြုလုပ်တာကို အကြောင်းပြုပြီး လမ်းသွားလမ်းလာ ပန်းကိုင်ဆောင်ထားတဲ့ အမျိုးသမီးတွေအပါအဝင် ပြည်သူလူထုတွေကို စစ်ကောင်စီက စစ်ဆေးမေးမြန်းပြီး ဖမ်းဆီးခဲ့တာပါ။

ဒီ ၃ လတာအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက အမျိုးသမီးတွေကို မတရားဖမ်းဆီး ထောင်ချတာနဲ့ မုဒိမ်းကျင့်သတ်ဖြတ်မှု ကျူးလွန်တာတွေလည်းရှိပြီး တိုက်ပွဲဖြစ်ပွားတဲ့ ဒေသတွေမှာ စစ်ကောင်စီတပ်က အမျိုးသမီးတွေနဲ့ ကလေးတွေကို ဓားစာခံအဖြစ် ဖမ်းဆီးပြီး အစုလိုက်အပြုံလိုက် မီးရှို့သတ်ဖြတ်တာတွေလည်း မြင်တွေ့ရတယ်လို့ ဖော်ပြထားပါတယ်။

ကုန်ဈေးမြင့်တက်မှုနဲ့ အလုပ်အကိုင်ရှားပါးမှုတွေကြား စားဝတ်နေရေး ဖြေရှင်းနိုင်ဖို့အတွက် အမျိုးသမီးတွေဟာ ရတဲ့လုပ်အားခတွေနဲ့ပဲ လုပ်ငန်းခွင်တွေမှာ လုပ်ကိုင်နေရပြီး လစာ တိုးမြင့်တောင်းခံတာတွေရှိရင်လည်း အလုပ်ထုတ်ခံရတာ ၊ ဖမ်းဆီးခံရတာတွေ ကြုံတွေ့နေရတယ်လို့ ရေးသားထားပါတယ်။

အလုပ်အကိုင်ရှားပါးမှုနဲ့ နိုင်ငံရေးမတည်ငြိမ်မှုတွေကြား စီးပွားရေးကြပ်တည်းမှုရင်ဆိုင်နေရတဲ့ ပြည်တွင်းမှာ လုံလောက်တဲ့ လုပ်ခခံစားခွင့်တွေကို တောင်းဆိုတဲ့ ဆန္ဒပြအလုပ်သမားတွေကို အလုပ်ထုတ် ဖမ်းဆီးတာတွေကိုလည်း အခု ၃ လ အတွင်းမှာ မြင်တွေ့ရပြီး အဲဒီလိုအချက်တွေကလည်း အမျိုးသမီးတွေနဲ့ လူငယ်တွေ တရားမဝင်ပြည်ပထွက်ခွာတာတွေကို တွန်းအားဖြစ်စေတယ်လို့လည်း ဆိုထားပါတယ်။

ကရင်နီ၊ စစ်ကိုင်း ၊ ပဲခူး၊ မကွေး၊ ဧရာဝတီ အဲဒီတိုင်းပြည်နယ်တွေက ကောက်ယူရရှိတဲ့ အချက်အလက်တွေအရ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု၊ အိမ်တွင်းအကြမ်းဖက်တွေနဲ့ ကာမလိမ်လည်မှုတွေ အခြေခံထားပြီး ” နိုင်ငံရေး မတည်ငြိမ်မှုနဲ့အတူ အမျိုးသမီးများ ရင်ဆိုင်နေရသည့် လိမ်အကြမ်းဖက်မှုများ” သုံးသပ်ချက် စာတမ်းထုတ်ဝေထားတာပါ။

လက်ရှိစာတမ်းမှာပါရှိတဲ့ အချက်အလက်တွေကို ခိုင်လုံတဲ့သတင်းမီဒီယာတွေနဲ့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ထုတ်ပြန်ချက်တွေက စုစည်းတင်ပြ သုံးသပ်ထားတာဖြစ်ပြီး လက်တွေ့မြေပြင်အခြေအနေမှာ အခုထက် ကိန်းဂဏန်းအရေအတွက် ပိုများနိုင်တယ်လို့ ဆိုပါတယ်။

 

LEAVE A REPLY

Please enter your comment!
Please enter your name here