ဆီပန့်ဆိုင်ကြီးတွေ မဖွင့်သေးတာကြောင့် မြစ်ကြီးနားမြို့မှာ ဓါတ်ဆီဝယ်ယူရ ခက်ခဲနေပြီး လက်လီဆိုင်တွေမှာ တစ်လီတာ ကျပ် ၂၀,၀၀၀(နှစ်သောင်း) အထိ ပေးဝယ်နေရ

185

 

ဇူလိုင်၊၃

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့မှာ ဆီပန့်ဆိုင်ကြီးတွေ မဖွင့်လှစ်နိုင်သေးတာကြောင့် လက်ဆီဆိုင်တွေမှာ ဓါတ်ဆီတစ်လီတာကို ကျပ် ၂၀,၀၀၀(နှစ်သောင်း) လောက်အထိ ပေးဝယ်နေပြီး လိုသလိုဝယ်ယူလို့ မရဘူးလို့ မြို့ခံတွေက ပြောပါတယ်။

ရေကြီးရေလျံမှုကြောင့် ဆီပန့်ဆိုင်တွေလည်း ပိတ်ထားခဲ့ရတာဖြစ်ပြီး လမ်းဘေးမှာရောင်းတဲ့ လက်လီဆီဆိုင်မှာ တစ်လီတာဗူးတစ်ဗူးကို နှစ်သောင်းကျပ်နဲ့ ပေးဝယ်ခဲ့ရတယ်လို့ မြစ်ကြီးနားမြို့ခံ အမျိုသမီးတစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်ကို ပြောပါတယ်။

ပန့်ဆိုင်တွေက မရောင်းပေးဘူး။ တစ်ဆိုင်မှ မရှိဘူး။ အကုန်လုံး လက်ခါပြတယ်။ အကုန်လုံးပိတ်ထားတယ်။ လမ်းဘေးမှာကျတော့ အဲဒီလိုမျိုး ရောင်းတဲ့သူတွေရှိတယ်။ ”လို့ အထက်ပါအမျိုးသမီးက ဆိုပါတယ်။

ဒါ့အပြင် မြစ်ကြီးနားမြို့ပေါ် ရပ်ကွက်တွေမှာ ဓာတ်ဆီရှာဝယ်လို့ မရတာတာကြောင့် ကြာရာပ္ပတီးရပ်ကွက်ဘက် သွားတဲ့အချိန် တစ်ဂါလံကို ကျပ် ၈၀,၀၀၀(ရှစ်သောင်း) နဲ့ ပေးဝယ်ခဲ့ ရတယ်လို့ မြစ်ကြီးနားမြို့ခံ အမျိုးသမီး နောက်တစ်တစ်ဦးက ပြောပါတယ်။

မြို့ထဲ ဆီရှာလို့မရလို့ သွားဝယ်တာ။ နှစ်ဂါလံထည့်တာ နည်းနည်းပဲရတယ်။ ရွှေထက်ကို ဈေးကြီးနေတယ်။”လို့ အထက်ပါ အမျိုးသမီးက ပြောပါတယ်။

မြစ်ကြီးနားမြို့က ဆီပန့်ဆိုင်တွေနဲ့ လက်လီဆီဆိုင်တွေမှာ ဓာတ်ဆီဝယ်ဖို့ ခက်ခဲနေပြီး ဆိုင်ကယ်ဆီ ရရှိဖို့အတွက်တောင် မလွယ်ကူဘူးလို့ မြို့ခံတွေက ဆိုပါတယ်။

မြစ်ကြီးနားမြို့မှာ ရေကြီးမှုတွေ ဖြစ်နေတာကြောင့် ဆီပန့်ဆိုင်တွေလည်း ပိတ်ထားရပြီး ရေဘေးသင့်ပြည်သူတွေကို ကယ်ဆယ်ရေးပြုလုပ်တဲ့အခါမှာလည်း စက်လှေတွေမှာ ဆီမဖြည့်နိုင်တဲ့အတွက် အခက်အခဲဖြစ်နေတာပါ။

ဇွန်လ ၃၀ ရက်နေ့ ညကနေ ဧရာဝတီမြစ်ရေ စတက်လာပြီး စိုးရိမ်အမှတ်ကို ကျော်လွန်လာတဲ့အတွက် မြစ်ကြီးနားမြို့က ရပ်ကွက်အများစုမှာ ရေဝင်ရောက်ခဲ့တာ ဖြစ်ပါတယ်။

လက်ရှိအချိန်မှာတော့ ရေပြန်ကျသွားပြီဖြစ်ပြီး ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေကို လုပ်ကိုင်နေတဲ့ အချိန်လည်း ဖြစ်တာကြောင့် မြေနိမ့်ပိုင်းရပ်ကွက်တွေမှာ ကယ်ဆယ်ရေးအကူအညီတွေ ဆက်လက်လိုအပ်နေသေးတာလည်း ဖြစ်ပါတယ်။

 

LEAVE A REPLY

Please enter your comment!
Please enter your name here