ဇူလိုင်၊၁၅
မြစ်ကြီးနား-ပူတာအိုလမ်း မြစ်ဆုံအထက် တီယန်ဇွပ်ကျေးရွာမှာ ရေကြီးရေလျှံမှုကြောင့် ထိခိုက်ပျက်စီးသွားတဲ့ နေအိမ်တွေကို ပြုပြင်နိုင်ဖို့ မိုးရာသီဖြစ်တာကြောင့် အခက်အခဲဖြစ်နေပြီး အကူအညီတွေလိုအပ်နေတယ်လို့ သိရပါတယ်။
ဇွန်လ ၃၀ ရက်နေ့ ညနေပိုင်းလောက်ကနေ ဧရာဝတီမြစ်ရေ စတင်မြင့်တက်လာပြီး ရေကျသွားချိန် ဇူလိုင်လ ၂ ရက်နေ့မှာတော့ ရေတိုက်စားခဲ့တဲ့ဒဏ်ကြောင့် မြစ်အနီးတစ်လျှောက် တီယန်ဇွပ်ကျေးရွာအတွင်းက နေအိမ် အလုံး ၂၀ ကျော်လောက် ထိခိုက်ပျက်စီးသွားတယ်လို့ သိရပါတယ်။
မိုးရာသီအချိန်အခါဖြစ်တာကြောင့် ထိခိုက်ပျက်စီးသွားတဲ့ မြစ်အနီးတစ်လျှောက်က နေအိမ်တွေကို ပြန်လည်ပြုပြင်နိုင်ခြင်း မရှိသေးဘူးလို့ တီယန်ဇွပ်ဒေသခံတစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်ကို အခုလို ပြောပါတယ်။
“ခုအချိန်ထိတော့ ပြုပြင်ရေးတွေ မလုပ်ရသေးဘူးပေါ့။ လုပ်ဖို့ကလည်း ကမ်းပါးနားမှာတွေရှိတဲ့ အိမ်တွေက မိုးရာသီ မကုန်သေးတော့ ခက်နေတယ်။ အိမ်ဆောက်ဖို့ ကူညီတဲ့သူတွေလည်း မရှိသေးဘူးပေါ့။“လို့ ပြောပါတယ်။
တီယန်ဇွပ်ကျေးရွာအတွင်း နေအိမ်စုစုပေါင်း ၆၀ ကျော်လောက် ရေဘေးသင့်ခဲ့ရပြီး အဲဒီအထဲက အထက်ပါ နေအိမ် အလုံး ၂၀ ကျော်လောက် ပျက်စီးသွားခဲ့ရတယ်လို့ အထက်ပါဒေသခံရဲ့ ပြောပြချက်အရ သိရပါတယ်။
လက်ရှိအချိန်မှာတော့ ရေဘေးသင့်ဒေသခံတွေအတွက် ဆန်၊ ဆီ၊ မိုးကာလိုမျိုး အစားအသောက်နဲ့ အသုံးအဆောင်ပစ္စည်းတွေကို သက်ဆိုင်ရာ အသင်းတော်အသီးသီးကနေ လာရောက်ကူညီတာရှိတွေ ရှိတယ်လို့လည်း ဆိုပါတယ်။
ဒါ့အပြင် ရေဘေးသင့်ခဲ့တဲ့ အိမ်ထောင်စုတွေဟာ လက်ရှိအချိန်အထိ နီးစပ်ရာဆွေမျိုးတွေဆီ သွားရောက်ခိုလှုံနေရပြီး တစ်ချို့ အိမ်ထောင်စုတွေကတော့ ယာယီတဲတွေဆောက်ပြီး နေထိုင်သူတွေလည်း ရှိတယ်လို့ သိရပါတယ်။
ရေဘေးဒဏ်ကြောင့် ထိခိုက်ပျက်စီးသွားတဲ့ နေအိမ်တွေကို ပြန်လည်ပြုပြင်ရေးတွေ မပြုလုပ်နိုင်သေးတဲ့အပြင် နေအိမ်ပြန်လည်ဆောက်လုပ်ဖို့ အကူအညီတွေ လိုအပ်နေဆဲ ဖြစ်တယ်လို့လည်း ထပ်မံ သိရှိရပါတယ်။
မြစ်ကြီးနားမြို့နဲ့ မိုင် ၅၀ ကျော်လောက် ဝေးတဲ့ တီယန်ဇွပ်ရွာဟာ မြစ်ကြီးနား-ပူတာအို လမ်းပေါ်မှာရှိတဲ့ ကျေးရွာတစ်ခုဖြစ်ပြီး ခရီးတစ်ထောက်နားတဲ့ နေရာတစ်ခုလည်း ဖြစ်ပါတယ်။
မြစ်ဆုံအထက်ပိုင်းမှာ ရှိတဲ့ တီယန်ဇွပ်ကျေးရွာမှာ အိမ်ခြေ ၂၀၀ ကျော်လောက်ရှိပြီး လူဦးရေ တစ်ထောင်၀န်းကျင် နေထိုင်နေတယ်လို့ ဒေသခံရဲ့ ပြောပြချက်အရ သိရပါတယ်။







