ကချင်တစ်ကျော့ပြန်စစ်ပွဲ ၁၄ နှစ်ပြည့်ပြီ။ စစ်ရှောင်ဦးရေ ၂ သိန်းကျော်ရှိလာ

39

ဇွန်၊၉

ဒီကနေ့ဟာ ကချင်ပြည်နယ်အတွင်း တစ်ကျော့ပြန်စစ်ပွဲ ဖြစ်ပွားခဲ့တာ ၁၄ နှစ်ပြည့်တဲ့နေ့ ဖြစ်ပါတယ်။ စစ်ရှောင်ဦးရေကတော့ ၂ သိန်းကျော်ရှိသွားပါပြီ။

ပြီးခဲ့တဲ့ ၂၀၁၁ ခုနှစ် ဇွန်လ ၉ ရက်နေ့က ကချင်လွတ်လပ်ရေးတပ်မတော်(KIA) နဲ့ စစ်ကောင်စီတို့အကြား တိုက်ပွဲတွေ စတင်ဖြစ်ပွားလာခဲ့တာဖြစ်ပြီး အာဏာသိမ်းပြီးနောက်ပိုင်းလည်း တိုက်ပွဲတွေ ပြင်းထန်ခဲ့ပါတယ်။

UNHCR- Myanmar ရဲ့ ဇွန်လ ၂ ရက်နေ့ နောက်ဆုံးထုတ်ပြန်ထားတဲ့ စာရင်းအရ စစ်ကောင်စီနဲ့ KIA တို့ကြားက တိုက်ပွဲတွေကြောင့် ကချင်ပြည်နယ်အတွင်း လူဦးရေ ၂ သိန်းကျော် ( ၂၃၂,၉၀၀ ယောက်) ထွက်ပြေးတိမ်းရှောင်နေရဆဲ ဖြစ်ပါတယ်။ အာဏာမသိမ်းခင်အထိတော့ ကချင်ပြည်နယ်အတွင်းမှာ စစ်ရှောင်ဦးရေ ၉၀,၀၀၀ ဝန်းကျင် ရှိခဲ့ပါတယ်။

အာဏာသိမ်းပြီးနောက်ပိုင်း တိုက်ပွဲတွေဟာ ဒီကနေ့အထိ ပြင်းထန်နေဆဲဖြစ်ပြီး သိန်းနဲ့ချီတဲ့စစ်ရှောင်တွေ တိုးလာခဲ့တာပါ။

လတ်တလောမှာ ဗန်းမော်ဘက်သာမက ဖားကန့်ဒေသဘက်မှာလည်း တိုက်ပွဲဖြစ်ပွားနေပြီး ဝိုင်းမော်နဲ့မိုးညှင်းဘက်မှာလည်း တိုက်ပွဲတွေဖြစ်ပွားနေတာ ဖြစ်ပါတယ်။ ဒါကိုကြည့်ခြင်းအားဖြင့် စစ်ဘေးရှောင်ဦးရေဟာ ပိုတိုးလာနိုင်မယ့် အခြေအနေပါ။

ကချင်ပြည်နယ်တစ်ပြည်နယ်လုံးမှာ ၂၀၁၄ သန်းခေါင်စာရင်းအရ လူဦးရေစုစုပေါင်း ၁၆ သိန်းကျော်(၁,၆၈၉,၄၄၁ ယောက်)ထဲက ၂ သိန်းကျော်သော ပြည်သူတွေဟာ စစ်ရှောင်တွေအဖြစ်နဲ့ နေရပ်စွန့်ခွာနေကြရတာ ဖြစ်ပါတယ်။

တခြားပြည်နယ်နဲ့တိုင်းတွေနဲ့ ပြည်ပကိုထွက်ခွာသူတွေလည်း အများအပြားရှိကြသလို ဆွေမျိုးအသိုင်းအဝိုင်းတွေဆီမှာ ခိုလှုံနေကြသူတွေလည်း ရှိတဲ့အပြင် ဆက်သွယ်ရေးအခက်အခဲတွေကြောင့် လူဦးရေအတိအကျကိုတော့ ခန့်မှန်းတွက်ချက်ဖို့ ခက်ခဲပါတယ်။ ဒီထက်လည်းပိုများနိုင်ပါတယ်။

ပြည်နယ်အတွင်းက စီးပွားရေးအခြေအနေတွေ၊ တိုက်ပွဲတွေအခြေအနေတွေ၊ စားသောက်စရိတ် ထောက်ပံ့ကြေးတွေ ဖြတ်တောက်ခံရတာတွေကြောင့် စစ်ရှောင်အများစုဟာ စားဝတ်နေရေး အခက်အခဲတွေနဲ့ ရင်ဆိုင်နေရပါတယ်။

စားဖို့သောက်ဖို့က ရှိတယ်လို့ ပြောလို့တော့ ရတယ်။ ဒါပေမဲ့ လုံလောက်တာတော့ မဟုတ်ဘူး။လို့ ဝိုင်းမော်မြို့နယ်၊ နောင်းချိန်းစစ်ရှောင်းစခန်းတာဝန်ခံက ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက်နေ့က နောက်ဆုံးထုတ်ပြန်ထားတဲ့ UN-OCHA ရဲ့ ထုတ်ပြန်ချက်တွေအရ ကချင်ပြည်နယ်မှာ စစ်ရှောင်စခန်းအများဆုံးနဲ့ စစ်ဘေးရှောင်တွေအများဆုံး ခိုလှုံနေတဲ့မြို့ကတော့ စစ်ရှောင်ဦးရေ ၄၆,၀၀၀ ကျော်နဲ့ ဝိုင်းမော်မြို့မှာဖြစ်ပြီး ဒုတိယအများဆုံးကတော့ ၄၀,၀၀၀ ကျော် မြစ်ကြီးနားမြို့မှာဖြစ်ပြီးတော့ တတိယအများဆုံးကတော့ ၂၃,၀၀၀ ကျော်နဲ့ မိုးမောက်မြို့မှာ ဖြစ်တယ်လို့လည်း သိရပါတယ်။

အာဏာသိမ်း ၄ နှစ်ကျော်ကြာပြီး‌နောက် တစ်နိုင်ငံလုံးမှာ စစ်‌ဘေးရှောင်ဦးရေ ၃ သန်းခွဲကျော် (၃,၅၅၅,၂၀၀ ယောက်)ရှိပြီး စစ်ကိုင်းတိုင်းဒေသကြီးက တစ်သန်းကျော်(၁,၂၄၉,၆၀၀ ယောက်)နဲ့ အများဆုံး စစ်ရှောင်နေကြရပါတယ်။

ဒုတိယအများဆုံးကတော့ ရခိုင်ပြည်နယ်၊ တတိယက မကွေးတိုင်း၊ စတုတ္ထကတော့ ကရင်ပြည်နယ်ဖြစ်ပြီး ကချင်ပြည်နယ်ကတော့ ပဉ္စမ အများဆုံးပြည်နယ်ဖြစ်တယ်လို့ သိရပါတယ်။

ကချင်ပြည်နယ်အတွင်း တစ်ကျော့ပြန် တိုက်ပွဲဖြစ်ပွားတာကြောင့် လွန်ခဲ့တဲ့ ၂၀၁၁ ခုနှစ်ကတည်းက စစ်ရှောင်လာရတာဖြစ်ပြီး ၁၄ နှစ်ရှိလာပြီဖြစ်တဲ့အတွက် အခွင့်အလမ်းတွေ ဆုံးရှုံးရတယ်လို့ ဝိုင်းမော်ဒေသခံတစ်ဦးကလည်း ပြောပါတယ်။

လက်နက်နဲ့ပဲဖြေရှင်းပြီး ငြိမ်းချမ်းမယ်ဆိုရင် ငြိမ်းချမ်းတာ ကြာလှပြီ။ နှစ်ဖက်စလုံးကို ပြောချင်တာက လက်နက်နဲ့မဖြေရှင်းဘဲ နိုင်ငံရေးအရပဲ ဖြေရှင်းရင်ကောင်းမှာပဲလို့ ပြည်သူတစ်ဦးအနေနဲ့ ခံစားရတယ်။ လက်နက်နဲ့ဖြေရှင်းတာက ဘယ်သူ့အတွက်မှ မကောင်းဘူး။ မြို့သိမ်းတိုက်ပွဲဆိုရင်လည်း ပြည်သူတွေရဲ့ အိုးအိမ်တွေပဲ ပျက်စီးရတယ်။ ထိခိုက်ခံစားရတယ်လေ။ ဂျာနီဗာကွန်ဗန်ရှင်း အားလုံးက အဲဒါကိုင်တယ်ဆိုပေမဲ့ ဘယ်လက်နက်ကိုင်မဆို အခွင့်အရေးချိုးဖောက်သူတွေချည်းပါပဲ။ လို့ ဆိုပါတယ်။

လက်ရှိအချိန်မှာတော့ နိုင်ငံအတွင်းရှိ စစ်ဘေးရှောင်တွေကို ကမ္ဘာ့စားနပ်ရိက္ခာထောက်ပံ့ရေးအဖွဲ့(WFP)ကလည်း ထောက်ပံ့မှုတွေ ရပ်တန့်လိုက်တဲ့ အတွက်ကြောင့်သာမက စစ်ဘေးရှောင်တွေအားလုံးကို တာဝန်ယူထောက်ပံ့မှုတွေ မရှိတဲ့အတွက် အခက်အခဲတွေနဲ့ ရင်ဆိုင်ကြုံတွေ့နေရပါတယ်။

 

LEAVE A REPLY

Please enter your comment!
Please enter your name here