မေ၊၃၁
ပူတာအိုမြို့၊ ဒုတ္တန်ရပ်ကွက်မှာရှိတဲ့ ခါကာဘို ဘိုးဘွားရိပ်သာက ဘိုးဘွားတွေအတွက် အစားသောက်နဲ့ ဆေးဝါး လိုအပ်မှုတွေ ရှိနေတယ်ပါတယ်။
ကိုယ်ထူကိုယ်ထ ဖွင့်လှစ်ထားတဲ့ အဲဒီရိပ်သာမှာ ဒီနောက်ပိုင်း စားဝတ်နေရေးခက်ခဲ ကျပ်တည်းမှုတွေ ပိုပြီးကြုံတွေ့ရတာကြောင့် အဆင်ပြေသလို ဖြတ်သန်းနေရတယ်လို့ ရိပ်သာတာဝန်ခံဆရာက မြစ်ကြီးနားသတင်းဂျာနယ်ကို ပြောပါတယ်။
“အခုတော့ နဂိုခက်တာထက်ကို ပိုခက်သွားတာပေါ့နော်။ အဖက်ဖက်ကနေကို လိုအပ်နေတာ။ အခုက အားလုံးခက်တော့ တတ်နိုင်သလိုတော့ ဖြတ်သန်းနေတာပေါ့။” လို့ ဆိုပါတယ်။
ရိပ်သာအတွက် တစ်ဖက်တစ်လမ်းကနေ ဝင်ငွေရရှိဖို့ ဖွင့်လှစ်ထားတဲ့ ခေါက်ဆွဲဆိုင်လည်း ကားလမ်းပိတ်တဲ့နောက် လိုအပ်ပစ္စည်းတွေ မရတဲ့အတွက် ရပ်နားထားလိုက်ရတဲ့ အခြေအနေရှိတယ်လို့ ဆိုပါတယ်။
“အခုနားပြီ။ အဲဒါလည်း(ခေါက်ဆွဲဆိုင်) မြစ်ကြီးနားဘက်က ပစ္စည်းတွေ ဂျုံတွေမရောက်တော့ ဘာမှလုပ်လို့မရဘူး။ဒါလည်း နားထားရတယ်။“လို့ ပြောပါတယ်။
လက်ရှိ ရိပ်သာမှာ အသက် ၆၀ ကျော်ကနေ ၁၀၀ အတွင်း ရှိတဲ့ အဘွား ၁၁ ဦးရှိတယ်လို့ ဆိုပါတယ်။ အများစုကတော့ ပူတာအိုဒေသကဖြစ်ပြီး ခိုကိုးရာမဲ့ ဘိုးဘွား၊ အမြင်အာရုံ မသန်စွမ်းသူ နဲ့ တစ်ကိုယ်တော်သမားတွေဖြစ်တယ်လို့ သိရပါတယ်။
စားရင်းရှိ ဦးရေကတော့ အယောက် ၂၀ ဖြစ်ပေမဲ့ နေရာထိုင်ခင်းခက်ခဲတာကြောင့် အဆောင်တိုးချဲ့ဆောက်လုပ်နေတာဖြစ်ပြီး လတ်တလော အကြပ်အတည်းကြောင့် အဲဒီ တိုးချဲ့မှုလုပ်ငန်းပိုင်းကိုလည်း ရပ်နားထားရတယ်လို့ ပြောပါတယ်။
ပူတာအိုဒေသက ခက်ခဲတဲ့ဘိုးဘွားတွေကို ကူညီစောင့်ရှောက် ပြုစုနိုင်ဖို့ရည်ရွယ်ချက်နဲ့ ခါကာဘို ဘိုးဘွားရိပ်သာကို လွန်ခဲ့တဲ့ ၂၀၁၃ ခုနှစ် က တည်ထောင်ခဲ့တာလို့ သိရပါတယ်။
တိုက်ပွဲတွေကြောင့် မတ်လ ၉ ရက်နေ့ကတည်း မြစ်ကြီးနား – ပူတာအို ကားလမ်းပိုင်း ပိတ်သွားတဲ့ နောက်မှာတော့ ပူတာအိုမြို့မှာ ဆန်ဈေးတွေ ထိုးတက်နေသလို ရရှိဖို့လည်း ခက်ခဲပြီး ကုန်ပစ္စည်းတွေလည်း ပြတ်လပ်နေတာကြောင့် ပူတာအိုက ဒေသခံပြည်သူတွေဟာ စားဝတ်နေရေး ခက်ခဲကျပ်တည်းမှုတွေ ကြုံတွေ့နေရတာ ဖြစ်ပါတယ်။







