ဖားကန့်တွင် စစ်ကောင်စီ၏ စရဖရုံးအား KIAနှင့် KPDF ပူးပေါင်းအဖွဲ့မှ တိုက်ခိုက်သိမ်းပိုက်ဟုဆို

233

 

စက်တင်ဘာ၊၂၅

ကချင်ပြည်နယ်၊ ဖားကန့်မြို့ ဆိုင်းတောင်ရပ်ကွက်/ကျေးရွာက စစ်ကောင်စီရဲ့ စစ်ဖက်ရေးရာ လုံခြုံရေးတပ်(စရဖ)ရုံးကို ဒီကနေ့ မနက် ၄ နာရီခန့်မှာ ကချင်လွတ်လပ်ရေးတပ်မတော် (KIA)နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(KPDF) တို့ကနေ သွားရောက် တိုက်ခိုက်သိမ်းပိုက်ခဲ့တယ်လို့ သိရပါတယ်။

စစ်ကောင်စီစရဖရုံးနဲ့ ရဲစခန်းကို KIAနဲ့ KPDF တွေ နှစ်ဖွဲ့ခွဲပြီး သွားရောက် တိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့ ဖားကန့် ဒေသခံ အမျိုးသားတစ်ဦးက ပြောပါတယ်။

“သူတို့က အဓိက စရဖရုံးကိုပစ်တာ။ တစ်ဖွဲ့က ရဲစခန်းကို ထိန်းထားပေးတာ။ နှစ်နေရာပစ်တာပေါ့။ စစ်တပ်က သူတို့ ရဲစခန်း ပစ်ပေးတဲ့အတွက် လက်နက်ကြီး ၁၀ ကြိမ်လောက် ပစ်တယ်”လို့ အထက်ပါ အမျိုးသားက ပြောပါတယ်

ဆိုင်းတောင်ရပ်ကွက်(၁)က ရဲစခန်းကို KIAနဲ့ KPDF တွေ လာရောက်တိုက်ခိုက်ခဲ့ပြီး စရဖရုံးကိုလည်း သိမ်းနိုင်ခဲ့တယ်လို့ ကြားသိရကြောင်းလည်း နောက်ထပ်ဖားကန့် ဒေသခံ အမျိုးသားတစ်ဦးက ပြောပါတယ်။

တိုက်ခိုက်မှုကြောင့် နှစ်ဖက်အထိအခိုက်အကျအဆုံးတော့ မသိရသေးပါဘူး။

ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၁ ရက်နေ့ကလည်း ဖားကန့်မြို့ ၊မှော်ဝမ်းရပ်ကွက်က စစ်ကောင်စီရဲ့ ပန်းတင်ရဲကင်းစခန်းကို KPDFတွေကနေ အလစ်ဝင်ရောက် တိုက်ခိုက်ခဲ့တဲ့အတွက် စစ်ကောင်စီဘက်က ထိခိုက်သေဆုံးသူ ရှိခဲ့ပါတယ်။

 

LEAVE A REPLY

Please enter your comment!
Please enter your name here