ကချင်အထူးဒေသ ၁ က နောက်ဆုံးကျန်ရှိနေတဲ့ နယ်ခြားစောင့်တပ် အမှတ် ၁၀၀၁ တပ်ကို KIA တိုက်ခိုက်သိမ်းပိုက်

185

 

နိုဝင်ဘာ၊၁

ကချင်အထူးဒေသ ၁ က နောက်ဆုံးကျန်ရှိနေတဲ့ ဖီမော်ကျေးရွာအနီး၊ နိုဇွန်ဘော်ကျေးရွာက နယ်ခြားစောင့်တပ် အမှတ် ၁၀၀၁ တပ်ကို တိုက်ခိုက်သိမ်းပိုက်လိုက်ပြီလို့ ကချင်လွတ်လပ်ရေးအဖွဲ့အစည်း(KIO/KIA) ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။

ဒီသတင်းက အတည်ဖြစ်ပါတယ်” လို့ ဗိုလ်မှူးကြီးနော်ဘူက မြစ်ကြီးနားသတင်းဂျာနယ်ကို ဖြေကြားပြီး အခြားအခြေအနေတွေကိုတော့ မဖြေကြားသေးပါဘူး။

လူမှုကွန်ရက်စာမျက်နှာတွေက ဖော်ပြချက်တွေမှာတော့ အထက်ပါတပ်ရင်းကို KIA၊PDF ပူးပေါင်းတပ်တွေကနေ ဒီကနေ့မနက်အစောပိုင်းက တိုက်ခိုက်သိမ်းပိုက်ထားခဲ့တာလို့ တွေ့ရပါတယ်။

ကချင်အထူးဒေသ ၁ ဥက္ကဌ ဦးဇခုန်တိန့်ယိန်း ဦးဆောင်အုပ်ချုပ်ခွင့်ရ ဒေသတွေဖြစ်တဲ့ ချီဖွေမြို့အရှေ့ဘက် ဂမ်ခွန်းကျေးရွာ၊ ဖီမော်ကျေးရွာအနီးမှာ တပ်ရင်း ၁၀၀၁၊ ပန်ဝါဒေသ လုပြည်ကျေးရွာအနီးမှာ ၁၀၀၂၊ ဝိုင်းမော်မြို့နယ် ကန်ပိုက်တီမြို့အနီး ဝေါ်ချုံးဒေသမှာ ၁၀၀၃ ဆိုပြီးတော့ တပ်ရင်း ၃ ရင်း ဖွဲ့စည်းနေရာချထားတာဖြစ်ပြီး ကချင်အထူးဒေသ(၁) အဖြစ် သတ်မှတ်ထားတာ ဖြစ်ပါတယ်။

စက်တင်ဘာလ နောက်ဆုံးအပတ်က စတင်ခဲ့တဲ့ KIA၊PDF ပူးပေါင်းတပ်ဖွဲ့တွေရဲ့ ကချင်အထူးဒေသ ၁ ထိုးစစ်မှာ အထက်ပါ ကချင်နယ်ခြားစောင့်တပ်(BGF) တပ်ရင်း သုံးရင်းစလုံးကို ၁ လလောက်အတွင်း သိမ်းပိုက်နိုင်ခဲ့တာပါ။

အောက်တိုဘာလ ၁၄ ရက်နေ့မှာတော့ နယ်ခြားစောင့်တပ်အခြေစိုက်ရာ ပန်ဝါဌာနချုပ်အနီးက အမှတ် ၁၀၀၂ တပ်ရင်းကို သိမ်းပိုက်ခဲ့တာဖြစ်ပြီး တစ်ဆက်တည်း ပန်ဝါမြို့ကိုပါ သိမ်းပိုက်ခဲ့ပါတယ်။

အဲဒီနောက် အောက်တိုဘာလ ၂၁ ရက်နေ့မှာတော့ ကန်ပိုက်တီမြို့အနီးက ၁၀၀၃ တပ်ရင်းသိမ်းပိုက်ခဲ့တာ ဖြစ်ပြီးတော့ နောက်ဆုံးကျန်ရှိနေတဲ့ ဖီမော်ကျေးရွာအနီးက ၁၀၀၁ တပ်ရင်းကို ဒီကနေ့မနက်မှာ ထပ်မံသိမ်းပိုက်လိုက်တာပါ။

လကရှိအချိန်မှာတော့ ကချင်အထူးဒေသ ၁ တစ်ခုလုံး အကုန်လုံး KIA၊PDF ပူးပေါင်းတပ်တွေရဲ့ လက်အောက်ကို ကျရောက်သွားပြီဖြစ်ပြီး တစ်ချို့သိမ်းပိုက်ရရှိထားတဲ့(ပန်ဝါ၊ဆော့လော်၊ချီ‌ဖွေ စသည်) မြို့တွေမှာ အုပ်ချုပ်ရေးယန္တရားအကောင်အထည်ဖော်တာတွေ လုပ်ဆောင်နေပါတယ်။

 

LEAVE A REPLY

Please enter your comment!
Please enter your name here