ဖားကန့်မှာ စစ်ကောင်စီတပ်စခန်းတစ်ခုကို KIA၊ KPDF ပူးပေါင်းတပ်က တိုက်ခိုက်သိမ်းပိုက်

219

 

ဇန်နဝါရီ၊၂၀

ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာအုပ်စု၊ ဝှေခါကျေးရွာက စစ်ကောင်စီတပ် ခမရ (၄၂) တပ်စခန်းကို ဒီကနေ့ မနက် ၇ နာရီခွဲအချိန်လောက်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊KPDFပူးပေါင်းတပ်တွေကနေ တိုက်ခိုက် သိမ်းပိုက်ခဲ့တယ်လို့ သိရပါတယ်။

KIA၊KPDFပူးပေါင်းတပ်တွေကနေ ဒီမနက် ၅ နာရီကနေ သွားရောက်တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တာ ဖြစ်တယ်လို့ ဖားကန့်ဒေသခံ အမျိုးသားတစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်ကို ပြောပါတယ်။

“ဝင်တိုက်တဲ့အချိန် ထွက်ပြေးသွားကြတာလေ။ စစ်သားနဲ့ရဲတွေ အကုန်ထွက်သွားကြပြီ။”လို့လည်း အထက်ပါ အမျိုးသားက ဆိုပါတယ်။

စစ်ကောင်စီ တပ်အင်အားတစ်ရာခန့်ရှိတဲ့ အထက်ပါ ဝှေခါ စစ်ကောင်စီတပ်စခန်းကို KIA တပ်မဟာ (၉)၊တပ်ရင်း(၆)နဲ့ KPDF ပူးပေါင်းတပ်တို့ သွားရောက်တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

ဝှေခါစခန်းသိမ်းပိုက်ခံရပြီးနောက် ဖားကန့်တပ်ကုန်းကနေလည်း လက်နက်ကြီးတွေ ပစ်ခတ်နေတယ်လို့ ဖားကန့်ဒေသခံ အမျိုးသမီးတစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်ကို ပြောပါတယ်။

“ဒီမနက် ၉နာရီလောက်က ပြန်မြည်(လက်နက်သံ)နေတယ်။ ဆက်တိုက်တော့ မဟုတ်ဘူး။ သူတို့ (စစ်ကောင်စီ)သိမ်းခံရရင် ပြန်ပစ်တာ”လို့ အထက်ပါအမျိုးသမီးက ပြောပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၈ ရက်နေ့ကလည်း ဖားကန့်စစ်ကောင်စီတပ်မကုန်းနဲ့ KIA၊KPDFပူးပေါင်းတပ်တို့ နှစ်ဖက် အပြန်အလှန် ပစ်ခတ်မှုတွေ ရှိခဲ့ပါတယ်။

ဇန်နဝါရီလ ၆ ရက်နေ့ကနေစပြီး ဝှေခါစစ်ကောင်စီခမရ(၄၂) တပ်စခန်းကို(KIA)၊KPDF တပ်ပူးပေါင်းတပ်တွေကနေ စတင်တိုက်ခိုက်ခဲ့တာကြတာ ဖြစ်ပါတယ်။

နှစ်ဖက်တိုက်ပွဲတွေ စတင်ဖြစ်ပွားတဲ့နေ့ကတည်းက ထောင်ချီတဲ့ ဝှေခါကျေးရွာက ဒေသခံပြည်သူ တွေ နီးစပ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြတာ ဖြစ်ပါတယ်။

 

LEAVE A REPLY

Please enter your comment!
Please enter your name here